ပြန်တူးဆွကြည့်သော ဒီဇင်ဘာများ

ကိုရန်အောင်က “ဒီဇင်ဘာ ၃၁ ရက်မှတ်တမ်းများ”ဆိုတာ ရေးဖို့ Tag ထားသည်ဟု အကြောင်းကြားလာသည်။ ပီကေပြီးလျှင် ကျနော့်ကို ဒုတိယမြောက် Tag သူဖြစ်သည်။ စီဘောက်မှာ လာပြောကတည်းက စဉ်းစားနေခဲ့သည်။ ပုံရိပ်တွေက ၀ါးတားတား။

ကျနော်သည် နှစ်လရက်တွေကို အမှတ်အသားရှိသည့်ကောင်မဟုတ်။ ကိုးတန်းကျောင်းသားဖြစ်တဲ့အထိ ကျနော်သည် ကိုယ့်မွေးနေ့ကို ရက်စွဲ မှားရေးနေဆဲ။ ဒီအသက်အရွယ်အထိ နှစ်စဉ်ကျရောက်သောမွေးနေ့ကို အမှတ်ရရ မရှိခဲ့ဘူးချေ။ မရောက်ခင် အစောကြီးတစ်ချက် သတိရတတ်သည်။ သို့မဟုတ် ကျော်သွားပြီးမှ သတိရတတ်သည်။ ဒါတင်လား၊ မဟုတ်သေး။

ကျနော်မှာ ရှော်သောအချက်တွေအများကြီးရှိ၏။ (မပြောဘူး၊ လျှိုထားမယ်။) ထိုအထဲမှ တစ်ခုမှာ မြန်မာလ အမည်များသာမက၊ အင်္ဂလိပ်လ အမည်များကိုပါ အစဉ်အတိုင်းမရခြင်းဖြစ်သည်။ ဘွဲ့လွန်ကျောင်းသားလည်းဖြစ်ခဲ့ပြီ။ ကျနော်ကား လ အမည်များကို ရွတ်ရာတွင် လုံးချာလည်လိုက်ဆဲ။ လတွေ အရှေ့နှင့်နောက် မှားဆဲ။

အေးမြခြင်းကို ကြိုက်သောကျနော်သည် ဒီဇင်ဘာကို အကြိုက်ဆုံးလဟု သတ်မှတ်ထားသည်။ ဒါပေမယ့် ခရစ္စမတ်တွေ၊ နှစ်သစ်ကူးဆိုတာတွေကို မှတ်မှတ်သားသား အရေးထားသူမဟုတ်ပြန်။ ကျနော့်မှတ်ဥာဏ်တွင် သတိတရနှစ်သစ်ကူးဆိုတာ မရှိချေ။ (မြန်မာနှစ်သစ်ကူးသင်္ကြန်ကို မဆိုလိုပါ။)

ကျနော်အထက်ကျောင်းသားဘ၀ကို ရန်ကုန်မြို့နှင့် မဝေးလှသော ရွာတစ်ရွာတွင် ဖြတ်သန်းကြီးပျင်းခဲ့သည်။ ဓာတ်တိုင်များသည် ရွာကိုဖြတ်သန်းသွားသည်။ သို့သော်ရွာလေးကား လျှပ်စစ်မီးမရှိ။ (ယခုအထိ မရသေး။) ဒီဇင်ဘာညများသည် ကျနော်အဖို့ တစ်နှစ်မှ တစ်နှစ်သို့ ကူးလာသည့် အနွေးထည်ဟောင်းကြီးနှင့် စောင်ခြုံကွေးရန်သာ။ အထူးအစီအစဉ်နှင့် စားသောက်ဆိုင်ဆိုတာမရှိ။ ရွှီးဖောင်းနှင့် ဖောက်သံတွေလည်း မကြားခဲ့။ ပုရစ်တစီစီအော်သံသာ အချိန်ပြည့်သံစဉ်ဖြစ်သည်။ ခွေးဟောင်သံကြားလျှင် ကျနော်လေးတန်းကျောင်းသားဘ၀က ကောက်ရခဲ့သော ပေမမီ ဒေါက်မမီ ငှက်ကြီးတောင်ဓားငယ်လေးကို ဘယ်နားက ထရံမှာ ထိုးထားမိသနည်းဟု သတိရအောင်လုပ်သည်။

ဂစ်တာသံမြိုင်မြိုင်ကြားပြီဆို ဒါခရစ္စမတ်ပဲ။ ဟိုဘက်ရွာမှာ ခရစ်ယာန်ဘာသာဝင်တွေရှိသည်။ ကျနော်ရွာမှာက ခရစ်ယာန်မိသားစု တစ်စုနှစ်စုသာရှိသည်။ ဟိုဘက်ရွာက ရွာခံ ခရစ်ယာန်တွေနဲ့ လာပေါင်းပြီး ခင်ရာမင်ရာအိမ်တွေမှာ လိုက်ဆိုကြသည်။ တီးကြဆိုကြသည့် တချို့မှာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ သို့သော် ပျော်ရွှင်စွာ ကူညီသီဆိုပြီး ပျော်နေကြသည်သာ။

ပထမတွင် ခရစ္စမတ်တေးသံမြိုင်မြိုင်သည် ခပ်လှမ်းလှမ်းမှ။ နား၏ သောတအာရုံသည် ညဥ့်၏ ပုရစ်ပိုးကောင်အော်သံကြားဝယ် ထိုတေးသံကို လိုက်၍ ဖမ်းယူနေသည်။ ခဏအကြာတွင် တစ်နေရာမှ ဘွားကနဲ ခရစ္စမတ်တေးသံများ ပြန်ပေါ်လာသည်။ ခရစ္စမတ်တေးသံသည် ဟိုမှ ဒီမှ နီးလိုက် ဝေးလိုက်၊ ပေါ်လိုက် ပျောက်လိုက်။

ကျနော်တို့ အိမ်ရှေ့တွင် လယ်ကွင်းတွေက တမျှော်တခေါ်။ မိုးကုပ်စက်ဝိုင်းတွင် ရွာတစ်ရွာ၏ကောက်ကြောင်းဖြင့် ၀ိုးတ၀ါး မျဉ်းသတ်ထားသည်။ အိမ်ဘေးတွင်လည်း ခြံကွက်လပ်တွေရှိသည်။ ထို့ကြောင့် လေကြောင်းလင့်ရာအလိုက် အသံက နိမ့်တုံ မြင့်တုံဖြစ်သည်။

ဒီဇင်ဘာရက်များ၏ နံနက်ခင်းသည် အဘွား၏ ကောက်ညှင်းချက် နံနက်ခင်းပင်ဖြစ်သည်။ ကောက်ညှင်းပေါင်းခြင်းသည် အလုပ်ရှုပ်သည်။ ထို့ကြောင့် အဘွားက ကောက်ညှင်းကို ထမင်းလိုပဲ ချက်လိုက်သည်။ စားလို့ကောင်းသည်။ တစ်ခါတရံ ကောက်ညှင်းဖြူ၊ တစ်ခါတလေ ကောက်ညှင်းညို။ ကောက်ညှင်းသည် အနွေးဓာတ်ကို အားပေးသည်၊ ထို့ကြောင့် ဆောင်းတွင်းနှင့် ကောက်ညှင်းသည် လိုက်ဖက်သည်ဟု အဘွားကပြောသည်။ ထို့ကြောင့် အဘွားလက်ပေါ်တွင်ကြီးသော ကျနော်သည် ဆောင်းတွင်းနှင့် ကောက်ညှင်းကို တွဲဖက်ပြုထားသည်။

ဒီဇင်ဘာ၏ နောက်ဆုံးရက်များကို ပြန်လည်တူးဆွသောအခါ ထောင်စုနှစ်ကူးကိုလည်း ထည့်ပြောရမည်ထင်သည်။ ၂၀၀၀ ပြည့်နှစ် နှစ်ကူးတွင် ကျနော်သည် မူးပြီးအိပ်ပျော်လျက်ရှိသည်။ ထိုစဉ်က ရွာလေးမှာ မဟုတ်တော့။ ဗဟန်းမှာ။ အလုပ်ကလေးလည်းရပြီ။ ခါးသောဘ၀ကို ပို၍ခါးသော အရက်ထဲ စိမ်နေမိပြီ။

ဖျောင်း…ဒိုင်း…ရွှီး ဟူသော အီရတ်မှာ အမေရိကန်နှင့်ချကြသည့်နှယ် အသံမျိုးစုံကြောင့် လန့်ဖြန့်နိုးသည်။ အခန်းကလည်းလုံပြီး အရက်ရှိန်ကြောင့် ရင်တွေပူနေသည်။ ငေါက်ကနဲ အထမှာ ခေါင်းက ရီဝေေ၀ရှိဆဲ။

ဘယ်အချိန်လဲ၊ ဘာတွေဖြစ်ကုန်တာလဲ။ ပစ်ခတ်ကုန်ကြပြီလား။ ခေါင်းရင်းဘုရားစင်မှ မီးမှိန်မှိန်နှင့် သတိကိုစုစည်းသည်။ လူတွေ အော်သံကြားရသည်။ ပျော်၍ အော်ကြသောအသံ။

ဖြည်းဖြည်းချင်းထသည်။ မှုန်ဝါးဝါးမီးရောင်အောက်တွင် နောက်ဖေးဘက်သို့ စမ်းတ၀ါးဝါးထွက်ခဲ့သည်။ ရေးသောက်လိုက်တော့ ရင်ပူတာ သက်သာသလို ရှိသည်။ လေးထပ်မြောက်အခန်းဖြစ်ပြီး နောက်ဖေးပြတင်းပေါက်မှကြည့်လျှင် တိုက်ထိုးထိုးထောင်ထောင်တွေကြားမှာ ဆီဒိုးနားဟိုတယ် ထိပ်ဖျားကို မြင်ရသည်။ မီးရှုးမီးပန်းတွေ တထိန်ထိန်တက်နေသည်။ ဒါထောင်စုနှစ်သစ်ကူးဆိုတာ စိတ်ထဲမှာ ပျော်ဝင်ပြီး သိလာသည်။ ထွန်းအိန္ဒြာဗို၏ သီချင်းသံသဲ့သဲ့ကြားရသည်။ ဘယ်ကလဲ မသိ။

“အင်း..ထောင်စုနှစ်…အဲဒီတော့ ဘာဖြစ်လဲ…ငါ့အတွက်ဘာထူးလဲ”

တစ်ယောက်တည်းတွေးရင်း အိပ်ယာဘက်ပြန်ခဲ့သည်။ ဗဟန်းသားတို့၏ အသံလေးအသံကြောင် အော်တာတွေ ကြားရသည်။ ကြံဖန်ပျော်ကြရတာပဲဟု အောက်မေ့မိသည်။ အိပ်ယာထဲပြန်ကွေးစဉ် ဗဟန်းသားတို့ သီချင်းစဆိုကြသည်။

“ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်…ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသားတိုင်းပြည်….မွဲတဲ့လူ လှူတန်းနိုင်မည်…ကျောင်းဆောက်ကာ ဘုရားပါတည်..ဘိုးဘိုးအောင်နဲ့…ရှင်အဇ္ဖဂေါဏတို့ မတဲ့ကိန်းဆိုက်မည်…ဟေ့…ချမ်းချမ်းသာသာ ကျန်းကျန်းမာမာ……………………………….”

ထောင်စုနှစ်၊ ဆင်းရဲခြင်းလွတ်ကင်းအောင်၊ မွဲတဲ့လူ၊ ဘိုးဘိုးအောင်မမည်၊ လက်ရှိမြန်မာ့ အခြေအနေ။ ဒီကြားဖူးနေကြသီချင်းကို ဒီထောင်စုနှစ်မှာ ကြားရတာ ဘ၀င်မကျဖြစ်မိသည်။ ပြီးတော့ပြုံးမိသည်။ ငါတို့နိုင်ငံက ခုမှ ဆင်းရဲခြင်းလွတ်ကင်းအောင် လုပ်နေရတုန်း၊ ဒီလူတွေ သီချင်းကလည်း ရွေးတတ်ပါပေ့။ မြန်မာနိုင်ငံ၏ အနာဂတ်ကို စိတ်မောမိသည်။ ဒါနိမိတ်ဟု ယူလိုက်သည်။

မနှစ်က ဒီဇင်ဘာ ၃၁ မှာ ဘာလုပ်ပါလိမ့်။ သြော် ပါမောက္ခအီကာမော၏ ထည်ဝါလှသော ခြံကြီးထဲတွင် ကောင့်ဒေါင်းပါတီလုပ်ကြသည်။ အသားကင်တွေ တ၀တပြဲစားသည်။ ကြားဖြတ်အစီအစဉ်အဖြစ်ချပေးသော ၀ိုင်ကို လစ်ရင်လစ်သလို တခွက်ပြီးတခွက်သောက်သည်။ ကောင်းလိုက်သည်ဖြစ်ခြင်း။ မိုးလေးစုပ်စုပ်ချုပ်ချိန် ဧည့်ပရိတ်သတ်အချို့ထံ ဖုန်းဝင်လာသည်။ ဘန်ကောက်မှာ ဗုံးကွဲသည်။ ပြန်သူပြန် ဖုံးခေါ်သူခေါ်။ ဟိုဒင်း ဟိုဝါ ဘယ်နားမှာလဲ မေးကြ ပြောကြ အတည်ပြုကြ သတင်းပြေးဖွင့်ကြ။ ကျနော်တို့ ကျောင်းသားတသိုက်လည်း မကောင့်ဒေါင်းနိုင်တော့။ ပြန်ဖို့ပြင်သည်။ ပါမောက္ခအိမ်က မြို့ပြင်မှာ။ လမ်းမှာ ပိတ်ပြီးစစ်သည်။ အထူးသဖြင့် မြို့ပြင်ပြန်ထွင်မည့်ကားတွေကို စစ်သည်။ အခန်းပြန်ရောက်တော့ မကျေပွဲ ထပ်သောက်၊ အင်တာနက်ဖွင့်၊ သတင်းဖတ်။ ဘန်ကောက်က ဘော်ဒါတွေဆီ ဖုန်းခေါ်။ လက်လှမ်းမှီရာဖုန်းခေါ်ပြီး အပြင်မထွက်ဖို့ သတိပေး၊ မြန်မာပြည်ကို သတင်းပြန်မျှ။

ဒီ ဒီဇင်ဘာ ၃၁ ရော ဘာလုပ်မလဲ။ မသိ။ စဉ်းစားထားတာကတော့ ဒီဇင်ဘာ ပို့စ်၊ ဘလော့အညွန်းပြုစုထားတာ တင်မည်။ နှစ်သစ်ကူးဆိုတဲ့ အကြောင်းပြချက်ဖြင့် စီစကီလက်ကျန်၊ ဒါမှမဟုတ် ဘီယာသောက်မည်။ သူငယ်ချင်းက ဆိုင်သွားမယ်ဆိုလည်း သဘာပေါ့။ ကျနော်ဖြတ်သန်းနေကျ ထူးမခြားနေ့တစ်ခုထက် ပိုဖို့မရှိတန်ရာ။
မြန်မာပြည်အေးချမ်းပါစေတော့၊ စနစ်ဆိုးအောက်က လွတ်မြောက်ပါစေတော့ဟူသော ဆန္ဒကို ဒီဇင်ဘာ ၃၁ တွင်တော့ နောက်နှစ်အတွက် ဆက်ယူဖို့ ဖုန်သုတ်ရဦးမည်။
ရေးဖြစ်အောင် လာစပေးသော ကိုရန်အောင်ကို ကျေးဇူး။

 

Advertisements

Leave a comment

Filed under Essay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s