ကျနော်နှင့်အချိန်

(၁)

ကျနော်သည် အချိန်ကို တော်လှန်ခဲ့၊ တော်လှန်ဆဲ၊ တော်လှန်နေဦးမည်ဖြစ်သည်။ ကျနော်သည် အချိန်၏ ကျေးကျွန်မဟုတ်။

(၂)

အထက်တန်းကျောင်းသားဘ၀တွင်ဖြစ်သည်။ လက်လှမ်းမီသမျှစာအုပ်၊ မဂ္ဂဇင်းတွေကို အလွတ်မပေးဖတ်နေချိန်။ ရေးသူ မမှတ်မိတော့သော ဆောင်းပါးတစ်ပုဒ် သုတစွယ်စုံမဂ္ဂဇင်းမှာထင်သည် ဖတ်မိသည်။ လူသည်အချိန်၏ ကျေးကျွန်လားဟု စောဒကတက်ထားသော ဘာသာပြန်ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ တွေးစရာတွေ တစ်ထမ်းကြီးရသွားသည်။ နာရီကို စိတ်ပျက်သွားသည်။ အချိန်ဇယားတွေကို သံသယ၀င်လာသည်။ အချိန်နှင့် တိတ်ဆိတ်စွာ စတင် သဘောထား ကွဲလွဲစပြုသည်။ ကျနော်သည် အချိန်၏ ကျေးကျွန်မဟုတ်။ အစဉ်အလာများ၏ ကျေးကျွန်မဟုတ်။

(၃)

တက္ကသိုလ်ကျောင်းသားဘ၀တွင်ဖြစ်သည်။ ပန်းချီလောကထဲကိုလည်း လက်စုံပစ်ဝင်ခဲ့ပြီ။ Time နှင့် Clock ကို ဆန်းစစ်ကြည့်လာသည်။ ဆရာလည်းဖြစ်၊ အစ်ကိုလိုလည်း ခင်ရသူ ကိုတူးက ထမင်းစားချိန်ဟု ပြောသည်။ အိပ်ချိန်ဟုပြောသည်။ ကျနော်စောဒက တက်တတ်လာသည်။ ကျနော် ဆာသောအချိန်သည်သာလျှင် ထမင်းစားချိန်ဖြစ်သင့်သည်။ ကမ္ဘာလည်နေ၍ နာရီကလိုက်မှတ်သဖြင့် ကျရောက်သောအချိန်သည် ကျနော်၏ ထမင်းစားချိန်ဟု ပြဌာန်းပေးသင့်ပါသလား။ ကျနော်သည် အချိန်၏ ကျေးကျွန်မဟုတ်။ ပြဌာန်း၊ ပညတ်ချက်များ၏ ကျေးကျွန်မဟုတ်။

(၄)

ကျနော် အချိန်ကို စွန့်ပစ်လိုက်ပြီဟု ကြေညာသောအခါ `ဒါဆို စီးပွားရေးသမားတွေနဲ့ချိတ်ပြီး Advertising လုပ်နေရတာ ဒုက္ခပဲ´ဟု ကိုတူးကညဉ်းသည်။ `အချိန်ကို ပစ်ချင်ပစ်ပါ၊ ဒါပေမယ့် Appointment ရှိရင်တော့ သွားမှဖြစ်မယ်´ဟု ကိုတူးက ပြောသည်။ ထို့ကြောင့် ကျနော်က အချိန်ကို အမည်ပြောင်းပေးလိုက်သည်။ လောကကိုပုံသွင်းနေသော ဤအချိန်ဤနာရီ၊ ထို့ကြောင့် `လောက ဓာတ်နာရီ´။ အခြားသူတို့နှင့် Associate ဖြစ်သော နာရီဖြစ်သည်။ ကျနော့်အချိန်၊ ကျနော့်နာရီမဟုတ်။ ကျနော်အိပ်ချင်သော အချိန်မှာ ကျနော်၏ အိပ်ချိန်ဖြစ်ပြီး၊ စားချိန်မှာ ဗိုက်ဆာသော အချိန်ဖြစ်သည်။ ထို့ထက်ကောင်းသော သတ်မှတ်ချက်ကို ခုထိမမြင်သေး။ ကျနော်သည် အချိန်၏ ကျေးကျွန်မဟုတ်။ အခြားဖြစ်တည်မှုများ၏ ကျေးကျွန်မဟုတ်။

(၅)

ကျနော်မူးနေသည်။ ပန်းချီဆရာတွေနှင့်ပေါင်းသောအခါ ဘီအီးတစ်စိတ်နှင့် စပါကလင်တစ်လုံးသည်လည်း ကာလာသီအိုရီများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာသည်။ မြေပဲ သို့မဟုတ် ပဲခြမ်းသုတ် သို့မဟုတ် ပခုက္ကူ မြစ်ခြေသားကျော်သားဒွန်းကြိုက်တဲ့ အဖိုးကြီးသုတ်(လက်ဖက်နှပ်နဲ့ ကြက်သွန်ဖြူ၊ ငြုပ်သီးစိမ်း)သည်လည်း ဘီအီးခါးခါးနှင့်မျှောချစရာ၊ ထို့အပြင် အငြင်းပွဲများ၏ Break ဖြစ်သည် (၀ါးနေရင် ပြောလို့မရ)။ ထို့ကြောင့် ကျနော်မူးနေသည်။

မနက် Appointment ရှိသည်တဲ့ ကိုတူးရဲ့ တပည့်ကျော်ကြီးဝင်းထွန်းက ပြောသည်။ မနက်ဘယ်အချိန်စသည်ဖြင့်ပေါ့လေ။ `ငါ့ကို အချိန်တွေ၊ ဘာတွေ လာပြောမနေနဲ့´ဟု မူးနေချိန် ရစ်လိုက်သည်။ စာပင်မရေးတတ်သည့် ဒီကောင်ပြန်ပက်လိုက်ပုံက `ဒါဆို ဘာလို့ နာရီပတ်ထားသေးလဲ´တဲ့။ ဟုတ်သားပဲ။ အချိန်ကို တော်လှန်နေတာ နာရီကတော့ ပတ်ဖြစ်သည်။ ဘာကြောင့်လဲ မတွေးထားခဲ့။ ဆင်ခြေမပေးနိုင်။ စိတ်ကဖျတ်ကနဲ ဖြစ်သည်။ နာရီကိုချွတ်၊ ဝေဿန္တရာဇာတ်ကို မြင်ယောင်၊ `ဟုတ်ပြီ၊ ဒီနေ့ကစပြီး အချိန်ကိုရော၊ နာရီကိုပါ စွန့်ပစ်တယ်ကွာ´ဟု နုတ်ကလည်း ရေစက်ချ၊ ဟန်ပါပါနှင့် နာရီကို အခန်းထောင့်ထဲ လွှင့်ပစ်လိုက်သည်။ `တကယ်ပစ်တာနော်´လို့ မေးပြောပြောပြီး ၀င်းထွန်းက ကောက်ကာ ပတ်ထားလိုက်လေတော့သည်။ လက်တံနဲ့ နာရီတွေကြည့်ရတာ ရှုပ်ရှုပ်နေ၍ ပုံစံ ဟဲဗီးကျကျ(ထိုအချိန်က ခေတ်စကား) ထိုဒစ်ဂျစ်နာရီကိုဝယ်ခဲ့တာဖြစ်သည်။

မနက်ရောက်လာပြီ။ အိပ်ရာနိုးသောအခါ မထချင်သေး။ ကျောက်မြောင်းရဲစခန်းဘေးမှာ ငှားထားသည့် ဆိုင်ခန်း၏ထပ်ခိုးလေးမှာ အိပ်လေ့ရှိသော ကျနော်သည် မြန်မြန်အိပ်ရာထတတ်သူမဟုတ်။ ညကနာရီကို စွန့်ပစ်လိုက်ပြီဆိုတာ ခေါင်းထဲမှာ တရိပ်ရိပ် ပြန်ပေါ်လာသည်။ အောက်ထက်မှာ ၀င်းထွန်း ထမင်းချက်နေသည်။ `မင်းတို့ လောက ဓာတ်နာရီ ဘယ်လောက်ရှိပြီလဲ´ ဟု မေးလိုက်သည်။ နာရီအလကားရထားသော ၀င်းထွန်းကလည်း `လောကဓာတ်နာရီ ၉ နာရီရှိပါပြီ ကိုဘုန်း´တဲ့။

ဤသို့ဖြင့် ကျောက်မြောင်းပန်းချီဆိုင်၏ မနက်ခင်းများထဲတွင် `လောက ဓာတ်နာရီဘယ်လောက်ရှိပြီလဲ´ဟူသောမေးခွန်းကို ထည့်မှ ပြည့်စုံမည်။

ကိုတူးဖခင်၏ဇနီး(ယခင်ဇာတ်မင်းသမီးကြီး)က ပြည်မြို့မှ ညရထားဖြင့် မတက်အစောကြီး ဆိုင်ရောက်လာသည်။ ပန်းချီဆရာထော်လော်ကန့်လန့်တွေ အိပ်နေ၍ တိတ်ဆိတ်စွာထိုင်နေသည်။ ထိုစဉ်တွင် ကျောက်မြောင်းမနက်ခင်း၏ တော်လှန်ရေးသံထွက်လာသည်။ `လောက ဓာတ်နာရီဘယ်လောက်ရှိပြီလဲ ၀င်းထွန်း´။ `ဘာလဲကွဲ့၊ လောကဓာတ်နာရီ´။ တိတ်ဆိတ်မှုမှ လူးလွန့်လာသော မေးခွန်းကြောင့် လန့်သွားသည်။ ၀င်းထွန်းက အန်တီ့ကို ရှင်းပြနေသည်။ ထို့နောက် ရယ်ကြသည်။ ထိုနေ့မှစ၍ ကျနော်၏ လောက ဓာတ်နာရီမှာ ပြည်မြို့အထိရောက်သွားပြီး ပြောစရာဖြစ်ခဲ့သည်။ ကျနော်သည် အချိန်၏ ကျေးကျွန်မဟုတ်။ ငြိတွယ်မှုအချို့၏ ကျေးကျွန်မဟုတ်။

(၆)

အထူးအထွေ မသတ်မှတ်လိုသော ကျနော်၏မွေးနေ့အတွက် ဒစ်ဂျစ်နာရီ အကောင်းစားလေးရ၏။ သို့သော် ပေးလာသော`သူမ´ကို `သူမ´ပေးခဲ့ဖူးသည့်နာရီနှင့်အတူ ထားပစ်ခဲ့သည်။ ထိုနာရီလေးကြောင့် `သူမ´သည် လွမ်းမလား၊ စိတ်နာမလား၊ ဒေါသဖြစ်မလား မတွေးတတ်။ `သူမ´အတွက် တွေးမိလျှင် ၀မ်းနည်းပါသည်။ ကျနော်သည် အချိန်၏ ကျေးကျွန်မဟုတ်။ နှောင်ဖွဲ့မှုများ၏ ကျေးကျွန်မဟုတ်။

(၇)

နောက်ဆုံးကျရောက်သော မွေးနေ့အတွက် အကောင်းဆုံးထဲမှာပါသော Casio တစ်လုံး အခြားသော`သူမ´ထံမှ ရပြန်သည်။ ယခုမောင်သင်ကာကို အပြင်မှာတွေ့လျှင် ထိုနာရီလေးနှင့်အတူတွေ့မည်။ ရေချိုးချိန်မှအပ ၂၄ နာရီပတ်ထားသည်။ ပတ်မထားလျှင် အေးနေသည်။ လိုသောအခါ ကောက်ပတ်လျှင် အေးစက်စက်ကြီးကို မကြိုက်။ ကျနော်သည် အချိန်၏ ကျေးကျွန်မဟုတ်။ လွန်ဆန်ချက်များ၏ ကျေးကျွန်မဟုတ်။

(၈)

ကျနော်သည် အချိန်ကို တော်လှန်ခဲ့၊ တော်လှန်ဆဲ၊ တော်လှန်နေဦးမည်ဖြစ်သည်။ ကျနော်သည် အချိန်၏ ကျေးကျွန်မဟုတ်။

mm thinker

Advertisements

Leave a comment

Filed under Essay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s