Early Buddhism and Sartre’s Existentialism

ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဖြစ်တည်မှုပဓာန၀ါဒ (Early Buddhism and Sartre’s Existentialism) ကို လေ့လာရန် ချဉ်းကပ်ခြင်း

ကာလသမနိရှည်ကြာခဲ့ပြီး လာလှည့်၊ ကျင့်သုံးလျည့်ဟု စိန်ခေါ် အစမ်းသပ်ခံနိုင်သော ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ယနေ့ခေတ် စာပေသဘောတရား၊ လူ့ဘ၀၊ ဒဿနလောကတို့ကိုပါ ကိုင်လှုပ်ထားသော ဖြစ်တည်မှုပဓာန၀ါဒ (Existentialism) တို့ကို နှိုင်းယှဉ်လေ့လာ တရားကိုယ်ရှာရန်မှာ များစွာလက်တွန့်ဖွယ်ရာဖြစ်ပါသည်။ အနောက်တိုင်းတက္ကသိုလ်များတွင် စတင်လေ့လာသုံးသပ်ကာ ကျမ်းကြီးကျမ်းခိုင်များပင် ပေါ်ထွက်လာသည်ကို တွေ့နေရပါသည်။ ယခုဆောင်းပါး (ပို့စ်) မှာ ယင်းဝါဒကြီးနှစ်ရပ် နှိုင်းယှဉ် လေ့လာရေးကို ချဉ်းကပ်နည်းအား မိတ်ဆက်ပေးရန်ဖြစ်ပါသည်။

ဖြစ်တည်မှုပဓာန၀ါဒနှင့် ဗုဒ္ဓ၀ါဒတို့ကို နှိုင်းယှဉ်လေ့လာပါက ချဉ်းကပ်လေ့လာနည်း အနည်းဆုံးသုံးခုရှိသည်။

(၁) ဗုဒ္ဓ၀ါဒနှင့်ဖြစ်တည်မှုဝါဒတို့၏ အခြေခံသဘောအယူ (Basic Concept) များကို နှိုင်းယှဉ်လေ့လာခြင်း။

(၂) ဖြစ်တည်မှုဝါဒီ တွေးခေါ်ပညာရှင်တစ်ဦးဦး၏ အခြေခံသဘောအယူနှင့် ဗုဒ္ဓ၀ါဒ၏ အခြေခံသဘောအယူတို့ကို နှိုင်းယှဉ်လေ့လာခြင်း။

(၃) ဖြစ်တည်မှုပဓာနရှုထောင့်မှ ဗုဒ္ဓ၀ါဒကို တင်ပြခြင်း တို့ ဖြစ်သည်။


ဒုတိယချဉ်းကပ်နည်းဖြင့် လေ့လာမည်ဆိုလျှင် ပြင်သစ် ဖြစ်တည်မှုပဓာန၀ါဒီ ယန်းပေါဆာ့တ် (Jean-Paul Sartre) ၏ အတ္တမဲ့ (Non-Egology) အယူအဆနှင့် ဗုဒ္ဓ၀ါဒ၏ အနတ္တ (Selflessness) အယူအဆတို့ကို နှိုင်းယှဉ်လေ့လာနိုင်သည်။ (ဆာ့တ်၏ Non-Egology ကို `အနတ္တ´ဟု မြန်မာဆရာအချို့က အနက်ပေးသည်။ ဗုဒ္ဓ၀ါဒ၏ အနတ္တ၀ါဒနှင့် ရောထွေးမည်စိုး၍ ကျွန်ုပ်က `အတ္တမဲ့´ဟု အနက်ပေးထားပါသည်။) ‘အရှိတရားနှင့် မရှိတရား´ (Being and Nothingness) တွင် ဆာ့တ်က ဖြစ်တည်မှု ပဓာန၀ါဒကို ဒဿနတစ်ရပ်အဖြစ်တင်ပြထားသည်။ Critique of Dialectical Reason ကျမ်းတွင်မူ ဖြစ်တည်မှုပဓာန၀ါဒကို `အဖြည့်အိုင်ဒီယိုလိုဂျီ´ (A Subordinate Ideology) တစ်ရပ်အဖြစ်သာ ဖော်ပြခဲ့သည်။ ယင်းစာအုပ်ထွက်ပြီးနောက်ပိုင်းတွင် ယန်းပေါလ်ဆာ့တ်က သူ့ကိုယ်သူ မာ့က်စ်ဝါဒီဆိုသည်ထက် ဖြစ်တည်မှုပဓာန၀ါဒီတစ်ဦးအဖြစ် ဖော်ပြသည်ကို ပိုနှစ်သက်ကြောင်းပြောဖူးသည်။ ဗုဒ္ဓ၀ါဒဂိုဏ်းကွဲများအနက် ဗုဒ္ဓ၏ဒေသနာအာဘော်နှင့် အနီးစပ်ဆုံးမှာ ထေရ၀ါးဂိုဏ်း၏ အယူဖြစ်သည်။

နှိုင်းယှဉ်လေ့လာမှုတွင် အခြေခံအကျဆုံး အဖြေနှစ်ရပ်ကို ရှာရပါမည်။

(၁) ဆာ့တ်နှင့် ဗုဒ္ဓ၀ါဒီတို့ပယ်သော အတ္တ္တဆိုင်ရာအယူအဆများနှင့်

(၂) ဆာ့တ်နှင့် ဗုဒ္ဓ၀ါဒီတို့လက်ခံထားသော အတ္တမဲ့ခြင်းနှင့် အနတ္တ၀ါဒတို့ဖြစ်သည်။ `နှိုင်းယှဉ်လေ့လာမှုမပြုမီ ကိုယ်ဘာကို နှိုင်းယှဉ်လေ့လာမည်ကို အနုစိတ်သိရမည်´ဟု သိပ္ပံပညာရှင် မက်စ်မူလာက ပြောဖူးသည်။

နှိုင်းယှဉ်လေ့လာမူဒဿန (Comparative) ဆိုသည်မှာ မတူခြားနားသော ယဉ်ကျေးမှု ဓလေ့နှစ်ခု၏ ဒဿနအကောက်အယူများကို ယှဉ်ထိုးသုံးသပ်ခြင်းဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ နှစ်ဆယ်ရာစုတွင်ခေတ်စားလာသော နှိုင်းယှဉ်လေ့လာမှုဒဿန၏ သက်တမ်းမှာ နုနယ်ပါသေးသည်။ ၁၉၂၃ တွင် ပီမက်ဆန် ကွာဆယ် (P. Masson Qursel) ၏ ပြင်သစ်ဘာသာဖြင့်ရေးသော La Philosophie Comparée စာအုပ်ထွက်ပေါ်လာမှ အနောက်တိုင်းတွင် `နှိုင်းယှဉ်လေ့လာမှု ဒဿန´ဟူသော စကားလုံးစတင်လာခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်သည် ၁၉၆၂ တွင် `နှိုင်းယှဉ်လေ့လာမှု ဒဿနဆိုသည်မှာ´(Comparative Philosophy?) ဟူသော အမည်ဖြင့် ထွက်လာသည်။

နှိုင်းယှဉ်လေ့လာမှုဒဿနသည် ဘာသာရပ်အသစ်သဖွယ်ဖြစ်သည်နှင့်အညီ ရည်ရွယ်ချက်နှင့် နည်းလမ်းကိုလည်း တညီတညွတ်တည်း ချမှတ်နိုင်ခြင်း မရှိသေးပေ။ နှိုင်းယှဉ်လေ့လာမှုဒဿနကို မူရင်းဒဿနဆိုင်ရာ (Primarily Philosophical) နှင့် ဒုတိယအဆင့် သမိုင်းဆိုင်ရာ (Secondarily Historical) ဟူ၍လည်း ချဉ်းကပ်နိုင်သည်။ ခြားနားသောယဉ်ကျေးမှုနှစ်ခုမှ ဒဿနအယူနှစ်ခုကို သမိုင်းရှုထောင့်မှ ဆန်းစစ်ခြင်းဖြင့် သမိုင်းဆိုင်ရာ ဒဿနအတွက် တူညီသောယဉ်ကျေးမှု အခြေခံအချက်များကို ရှာဖွေနိုင်မည်ဖြစ်သည်။ နှိုင်းယှဉ်လေ့လာမှုဒဿနသည် သမိုင်းဆိုင်ရာစူးစမ်းမှုကို ကန့်သတ်ထားမည် မဟုတ်ပေ။ ဂျပန်ဗုဒ္ဓစာပေပညာရှင် ဒီတီ စူဇူကီးက ဒဿနများကို နှိုင်းယှဉ်လေ့လာမှုသည် အတွေးအခေါ်ကို ပိုမိုကျယ်ပြန့်စေရန်နှင့် အမှန်တရားအတွက် အတွင်းကျကျ ပိုမို ထိုးထွင်းနိုင်ရန် ဆောင်ကြဉ်းသင့်သည်ဟု ဆိုခဲ့သည်။

နှိုင်းယှဉ်လေ့လာမှုဒဿနသည် အယူအဆများ၏ တူညီချက်များပေါ်၌သာမက ကွဲပြားချက်များအပေါ်၌ပါ အာရုံထားရမည်ဖြစ်သည်။ နှိုင်းယှဉ်လေ့လာမှုအရ ဒဿနကွဲပြားချက်သည် တူညီချက်များနည်းတူ စိတ်ဝင်စားဖွယ်ကောင်းသည်။ ယင်းအချက်များက ကိုအရင်းတည်ထားသော ဒဿနအယူကို ပြန်လည်အကဲဖြတ်ရာ၊ ဝေဖန်ရာတွင် အသုံးဝင်လှသည်။ နှိုင်းယှဉ်လေ့လာမှုဒဿနပညာရှင်သည် ကွဲပြားသော ယဉ်ကျေးမှုများတွင် အမြစ်တည်သည့် ဒဿနများ၊ ကွဲပြားသောဘာသာစကားများနှင့် စခန်းသွားရပေမည်။ အချက်နှစ်ချက်ဖြစ်သော ယဉ်ကျေးမှုဓလေ့များ (Culture) နှင့် ဘာသာစကားများ (Languages) တို့သည် နှိုင်းယှဉ်လေ့လာမှု ဒဿနပညာရှင်အတွက် အခက်အခဲရှိစေနိုင်သည်။

ဒဿနသည် သူ့ဖာသာသူ သီးခြားတည်ရှိနေသည်မဟုတ်။ ယဉ်ကျေးမှုဓလေ့နောက်ခံရှိသည်။ ဒဿနသည် လူ့ယဉ်ကျေးမှုရှိ အကြောင်းချင်းရာတို့နှင့် ကင်းလွတ်၍ သီးခြားမဖွံ့ဖြိုးနိုင်။ အမှန်စင်စစ်တွင် ဒဿနသည် ဒဿနဆိုင်ရာပြင်ပအကြောင်းတရားများဖြစ်သော စီးပွားရေးနိုင်ငံရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေ၊ ဘာသာရေး၊ သိပ္ပံပညာတို့၏ အကျိုးသက်ရောက်ရာမှ ဖြစ်ထွန်းလာသော ဘာသာရပ်ဖြစ်သည်။ အိန္ဒိယမှဒဿနများသည် အိန္ဒိယဘာသာရေးများနှင့် အရင်းကျကျဆက်စပ်နေသည်။ ဥာဏ်သစ်လောင်းခေတ် (Renaissance) နောက်ပိုင်း အနောက်တိုင်းဒဿနသည် သိပ္ပံပညာ၏ သြဇာလွှမ်းမိုးမှုခံရသည်။

မတူသော ယဉ်ကျေးမှုနောက်ခံကို မလေ့လာဘဲ အခြားယဉ်ကျေးမှုတစ်ခု၏ ဒဿနအယူကို နားလည်သည်ဟုဆိုရာတွင်လည်း များစွာသံသယဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် နှိုင်းယှဉ်လေ့လာမှုပြုမည့် ဒဿနပညာရှင်သည် ယဉ်ကျေးမှုနှစ်ရပ်စလုံးကို ကျေညက်ဖို့လိုလေသည်။

mm thinker

Ref;

Tangles and Webs by De Silva, 1976

Interview with Jean-Paul Sartre, 1981

The Comparative Study of Religions by J. Wach, 1958

Methods of Comparative Philosophy by J.K.R. Swan Liat, 1956

On Philosophical Synthesis by D.T. Suzuki, 1951

Philosophies and Cultures by F. Conpleston, 1980

A History of Philosophy by Coplseston, 1985

Sartre’s Existentialism and Early Buddhism

Advertisements

Leave a comment

Filed under Knowledge, Philosophy

Comments are closed.