Miss Unfortune, 6 Million Baht & A Husband

 

ကံဆိုးမ၊ ဘတ်ငွေ ခြောက်သန်းနှင့် လင်တစ်ယောက်

ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ စူဖန်ဘူရီပြည်နယ်တွင် ဆုရှင်း ပန်သန် ဟူသော အသက်သုံးဆယ်ဝန်းကျင် ဒုက္ခိတ အမျိုးသမီးတစ်ဦးအကြောင်းမှာ ထိုင်းချယ်နယ်နှင့် အင်တာနက်စာမျက်နှာများပေါ်တွင် ဟော့နေသည်။ အ၀တ်လျှော်ပြီး အိုမင်းမစွမ်းဖခင်ကို လုပ်ကျွေးနေရာမှ အစီအစဉ်တစ်ခု၏ ကျေးဇူးကြောင့် ၂၀၀၄ တွင် အလှူငွေ ဘတ် ၆ သန်းကျော် သူမ၏ ဘဏ် Account သို့ ရောက်လာလေသည်။ မြန်မာငွေ (၁ ဘတ်လျှင် ၃၆ ကျပ်ပေါက်ဈေး) နှင့်တွက်လျှင် သိန်းနှစ်ထောင်နှစ်ရာ (၂၂၀,၀၀၀,၀၀၀) ၀န်းကျင်ဖြစ်သည်။ ဘ၀ပေးကုသိုလ်ဆိုးလှသည့် ဆုရှင်း ပန်သန်အဖို့ တသက်စာ မကြောင့်မကြနေနိုင်လောက်ပေပြီ။ သို့သော်…..

 

mis-ul-2.jpg

 

ဆုရှင်း ပန်သန် အလှူငွေ ခြောက်သန်းရပြီးနောက် တစ်နေ့တွင် ယောကျာင်္းတစ်ယောက်နှင့် သိကျွမ်းရသည်။ အယုဒ္ဓယပြည်နယ်သားဖြစ်သော ထိုလူအပေါ် သူမစိတ်ညွတ်မိ၏။ သူမလည်း လောကီသားမို့ အချစ်ငတ်မိသည်။ ဤသို့ဖြင့် လင်တစ်ယောက် ရလာသည်ဆိုပါတော့။ ကားဝယ်ချင်သည်ဆိုတော့ ဘတ်ကနဲဆို ဘတ် ရှစ်သောင်း၊ သူ့အမေအတွက် မြေ၀ယ်ချင်သည်ဆိုတော့ ရော့ ဘတ်တစ်သန်း၊ သူ့မွေးနေ့ဆိုတော့ အိမ်ကောင်းကောင်းတစ်လုံး၊ မင်းကျန်းမာရေးမကောင်းတော့ မင်းအဖေကို ဘယ်သူကကြည့်မလဲဆိုလာတော့ သူ့ဘဏ် Account ထဲ ဘတ် ၅ သိန်း၊ ဒီလိုနှင့် ငွေက တစတစ လုံးပါးပါးလာသည်။ သူမကလည်း ယောင်္ကျားစိတ်မွန်နေသည့် အချိန်ဆိုတော့ ဘာမှသိပ်မတွေးမိ။ ငွေကုန်သမျှထဲမှာသူအမျိုးတွေစရိတ်ရော၊ ကောင်မလေးတစ်ယောက်နှင့် မှောက်မှားလို့ လျှော်ကြေး ပေးရပါမည်ဆိုတာတွေလည်းပါသည်။

 

တစ်နှစ်ကျော်လောက်ကြာတော့ သူမဆီ တစ်ပတ်မှတစ်ခေါက်၊ တစ်ခေါက်မှ နှစ်နာရီလောက်သာ ပေါ်တော်မူ ဖြစ်နေတော့သည်။ ဒီလိုနှင့် မနေသာ စုံစမ်းတော့မှ ဒီလူသည် မယားကြီးငုတ်တုတ်နှင့် သူမငွေတွေကို ချူနေမှန်း ပုံပေါ်လာတော့သည်။ နှစ်နှစ်အတွင်း သူမ၏ ဘတ်ငွေခြောက်သန်းအနက် ဘဏ်ထဲတွင် ဘတ် ၂၅၀ သာ ကျန်သောဟူ၏။

 

ဤအဖြစ်သည် ယခုအခါ ဘူးပေါ်သလို ပေါ်လာပြီးနောက် တီဗီချယ်နယ်များတွင် သူမနှင့် အင်တာဗျူးများမှာ Human Interest ဖြစ်နေလေတော့သည်။ ထို ပိုင်းလုံးငတိက သူမယားကြီးကို ထီပေါက်လို့ ငွေတွေ သန်းချီရသည်ဆိုပြီး လိမ်ထားသည်တဲ့။

 

အလှူရှင်တွေအပါအ၀င် ပရိတ်သတ်တွေကတော့ သူမကို အပြစ်တင်ဖို့ထက် သနားခြင်းက ပိုနေကြသည်။ ဥပဒေကြောင်းအရ ထိုသူကို ဘယ်လိုအရေးယူနိုင်မလဲဟု ဆွေးနွေးသူကဆွေးနွေးသည်။ အခု ပို့စ်ရေးနေစဉ်မှာပင် တီဗီက သူမနှင့် အင်တာဗျူးလာနေသည်။ သူမဘ၀မှာ အချစ်ဆိုတာကို လိုချင်ပါသည်၊ ဂရုစိုက်မူကို တောင့်တခဲ့ပါသည်တဲ့။ ထိုသူကိုလည်း တကယ်ချစ်ခဲ့တာဖြစ်ပြီး မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ဖူးပါသည်တဲ့။ မျက်ရည်တွေကျ အသံတွေ တိမ်ဝင်သွားရင်းပြောသည်။ ခဏအတွင်းမှာပင် သူမသည် မျက်နှာကို ပြန်တင်းလိုက်သည်။ သူမဘ၀ကို သူမသာ ရင်ဆိုင်ဖြေရှင်းရမည်ဆိုတာကို သိနေသလို။ မနေ့ညက အင်တာဗျူးမှာတော့ သူမ၏မျက်နှာတွင် နာကျည်းမူကို မြင်နေရသည်။ မထိတထိအပြုံးတ၀က်နှင့်သူမဘ၀ အကြောင်းမလှပုံကို အေးအေးဆေးဆေး ပြန်ပြောခဲ့သည်။

 

ရှေးကုသိုလ်ကြောင်းမလှပုံက ဒုက္ခိတဘ၀အပြင် ငွေတလုံးတခဲထဲ လက်ထဲရောက်လာတာတောင် ခံစားခွင့် မရှိတဲ့ အဖြစ်ဆိုတော့ `ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ´ဆိုတဲ့ စကား ကိုသွားသတိရမိပါသည်။ တီဗီက တာဝန်ရှိသူတွေသတော့ သူမ အမှန်အတိုင်း သိမြင်နေပြီ ဖြစ်လို့ လှူရာတွင် စေတနာ မပျက်ကြဖို့ ပြောပါသည်။ လူဆိုတာ မှားတတ်သည်ပေါ့။ သြော်..အချစ်ဆိုတာ တယ်လည်း ဒုက္ခပေးသကိုးဟု အောက်မေ့မိသည်။

 

တကယ်တော့ သူမလည်း လူသားတစ်ယောက်ပေကိုး။

mis-ul.jpg

 

Advertisements

Leave a comment

Filed under Experience

0 responses to “Miss Unfortune, 6 Million Baht & A Husband

  1. နေလင်း

    အင်းနော်…အတိတ်ဘ၀က ကံပါပဲ…အခုတော့လည်း တစ်ကျွေးကို ဆပ်ပြီးသားဖြစ်တာပေါ့ဗျာ…သူမစိတ်ထားတတ်ပါစေ…အမှန်ကို မြင်နိုင်ပါစေ လို့ပဲ ဆုတောင်းပေးပါတယ် …