Existentialism

jean-paul-sartre.jpg

Existentialism ကို `ဖြစ်တည်မှုပဓာန၀ါဒ´ ဆိုပြီး အနက်ပေးကြတာ မျက်စိယဉ်နေကြပါပြီ။ ဆရာဆန်းလွင်က `ဘ၀ဖြစ်တည်ခြင်းဝါဒ´ဆိုပြီး အနက်ပေးပါသေးတယ်။ ကျနော်က ဖြစ်တည်မှုဝါဒလို့ပဲ တိုတိုလှယ်လိုက်ပါတယ်။ စကားလုံးတစ်လုံးထဲနဲ့ ဘယ်အဖြစ်အပျက်၊ သဘောတရားကိုမှ ငုံနိုင်မှာ မဟုတ်ပါဘူး။ အဓိက က စကားလုံးနောက်ကွယ်က အဓိပ္ပာယ်ကို သိဖို့ပါပဲ။ ဖြစ်တည်မှုဝါဒနဲ့စပ်လျဉ်းပြီး ၀တ္ထု (စည်းအပြင်ကလူ) အပြင် ဒဿန လုံးချင်း (ဆန်းလွင်) နဲ့ ပေါင်းချုပ် (စာရေးဆရာအများ၊ စာပေလောကတိုက်ထုတ်) တချို့ထွက်ပြီးပါပြီ။ ဆောင်းပါးတချို့လည်း ကြိုကြားကြိုကြား တွေ့ရပါတယ်။ ဒီနေရာမှာ သတိပြုဖို့တချက်က မြန်မာပြည်မှာ ဖြစ်တည်မှုဝါဒအကြောင်း ရေးသား၊ မိတ်ဆက်ပေးကြသူ အားလုံးနီးပါးဟာ ဖြစ်တည်မှုဝါဒီတွေ၊ အဲဒီဝါဒကို ယုံကြည်သက်ဝင်သူတွေ မဟုတ်ကြဘူးဆိုတာပါ။ အချို့က ပညာရှင်အနေနဲ့ ရေးသားမိတ်ဆက်ပေးကြတာဖြစ်ပြီး၊ အချို့ကတော့ မနှစ်မျို့တဲ့၊ လက်မခံချင်တဲ့ သဘောအခံနဲ့ ရေးကြတာပါ။ တချို့က ဘယ်လို သဘောမှ မရှိဘဲ ၀ါဒတစ်ခု အခြေပျိုးရာမှာ ၀င်ရော (Involve) ရုံသက်သက်ဆိုတာလည်း တွေ့ရပါသေးတယ်။


ဖြစ်တည်မှုဝါဒဟာ ယန်းပေါဆာ့တ်(Jean-Paul Sartre ပြင်သစ်တွေးခေါ်ပညာရှင် ၁၉၀၅-၁၉၈၀) ရဲ့ ကျမ်းတွေမှာ ထင်ထင်ရှားရှားလမ်းကြောင်းပေါ်လာပေမယ့် ကဲကီးဂတ် (Kierkegaard ဒိန်းမတ်တွေးခေါ်ပညာရှင် ၁၈၁၃-၁၈၅၅) နဲ့ နစ်ရှေး (Nietzsche ဂျာမန်တွေးခေါ်ပညာရှင် ၁၈၄၄-၁၉၀၀) တို့ရဲ့ အတွေးအခေါ်မှာ မြစ်ဖျားခံပါတယ်။ ဒီရှေးဦးတွေးခေါ်ပညာရှင်တွေက ဖြစ်တည်မှုဝါဒလို့ တိုက်ရိုက် မသုံးခဲ့ပေမယ့် အခြေခံသဘောတရားကတော့ တူပါတယ်။

ဖြစ်တည်မှုဝါဒကို အလွယ်ဆုံးပြောရရင်တော့ `လူတစ်ဦးချင်းဟာ သူ့ဘ၀အဓိပ္ပာယ်နဲ့သူ ဖြစ်တည်တယ်´ (individual human beings create the meanings of their own lives) လို့ ခံယူတာပါပဲ။ ရှင်းသလိုလိုနဲ့ ရှုပ်တယ်လို့ ထင်စရာရှိပါတယ်။ ကျနော်တွေးသလိုပြောရရင်တော့ `လူတိုင်းဟာ သူ့ဘ၀မှာသူ ဇာတ်လိုက်ပဲ´ လို့ ဆိုချင်ပါတယ်။ ဇာတ်ပို့လုပ်နေရတာ မဟုတ်ပါဘူး။ သမတက သူ့ဟာနဲ့သူ အရေးကြီးသလို ပျာတာကလည်း သူ့ဘ၀အဓိပ္ပာယ်၊ သူ့ရှင်သန်မှုနဲ့သူ (သီးခြား) အရေးပါနေတာပါပဲ။


စည်းအပြင်ကလူဆို (The Outsider) ၀တ္ထုထဲမှာ ဇာတ်ကောင်က သူ့အမေအသုဘမှာ မငိုပါဘူး။ လူတွေက အမေသေတာတောင် မငိုဘူး၊ လူစိတ်မရှိဘူးဆိုပြီး ယိုးစွပ်ပါတယ်။ နောက်ဆုံး လူသတ်မှုနဲ့ စွဲချက်တင်ခံရရာမှာ အဲဒီလို ကောက်ချက်တွေတွန်းအားနဲ့ သေဒဏ်ပေးလိုက်တဲ့အထိ ဖြစ်သွားပါတယ်။ ကိုယ့်ဘ၀ကိုယ် ပြဋ္ဌာန်းခွင့်မရှိဘဲ ပတ်ဝန်းကျင်ရဲ့ ပိုင်းဖြတ် သတ်မှတ်ပေးလိုက်မှုအောက်မှာ ဘ၀အဓိပ္ပာယ်မဲ့နေပုံကို ထင်ဟပ်ထားတာပါ။

`ကျနော်ကဘာသာမဲ့´လို့ ပြောလိုက်ရင် လူတွေက ခေါင်းခါခါ လက်ခါခါနဲ့ လက်မခံချင်ကြပါဘူး။ ဘာဖြစ်လဲဗျာ၊ ကိုယ့်ဖာသာ ဘယ်ဘာသာမှ မယူဘဲနေတာ၊ ဥပဒေကျုးလွန်နေတာ သူများနစ်နာအောင် လုပ်နေတာမှ မဟုတ်ပဲ။ လူဖြစ်လာရင် ဘာသာတစ်ခုခုယူရမယ်လို့ ဘယ်လိုအချက်ကများ တရာသေပြဋ္ဌာန်းနိုင်မှာပါလိမ့် ?။

 


ဖြစ်တည်မှုဝါဒရဲ့ အဓိက အဆိုပြုချက်ကတော့ `ဖြစ်တည်မှုဟာ အနှစ်သာရထက် အရင်ကျတယ်´ (existence precedes essence) ဆိုတာပါ။ လူသားအဖြစ် ဖြစ်တည်နေမှုဟာ လူသားကို အဓိပ္ပာယ်ဖွင့်၊ ပြဋ္ဌာန်းသတ်မှတ်ပေးခြင်းဆိုတဲ့ အပေါ်ယံသကာလောင်းမှုတွေထက် ပိုပြီး အခြေခံကျတယ်လို့ ဆိုလိုတာပါ။ ဒီသဘောတရားဟာ ဆင်ခြင်တုံတရားဝါဒ (Rationalism) ၊ ဆင်ခြင်မှု (rational consciousness) သက်သက်ကို အားပြုတဲ့ ဒေးကား (Descartes ပြင်သစ်တွေးခေါ်ပညာရှင် ၁၅၉၆-၁၆၅၀) စတဲ့ အနောက်တိုင်းက အစဉ်အလာ ဆင်ခြင်မှု ဒဿနသမားတွေကနေ လမ်းခွဲထွက်လိုက်ပါတယ်။

 


ဆာ့တ်ရဲ့ ဖြင်တည်မှုဝါဒဟာ အဲဒီကာလ ပြင်သစ်ရဲ့ အခြေအနေကြောင့်ဖြစ်တယ်လို့ ကောက်ချက်ဆွဲခြင်းဟာ လက်ခံဖို့ရှိပေမယ့် ဒီတချက်တည်းကြောင့် ဒီဝါဒမျိုးပေါ်တာပါလို့ ဆိုချင်တယ်ဆိုရင်တော့ ကောက်ချက် တိမ်လွန်းတယ်လို့ ပြောရမှာပါပဲ။

 

နောက်ထပ်ဆက်ပြီး (၁) ဗုဒ္ဓရဲ့ အနတ္တ၀ါဒနဲ့ ဆာ့တ်ရဲ့ အနှစ်မဲ့မှု (nothingness) နှိုင်းယှဉ်လေ့လာချက်နဲ့ (၂) လူဟာလွတ်လပ်စွာဖြစ်တည်လို့ မရဘူး၊ ပြင်ပအကြောင်းတရားတွေရဲ့ ကန့်သတ်မှုနဲ့ နေရမယ်ဆိုတဲ့ ဖြစ်တည်မှုဝါဒကို ငြင်းဆိုချက်တွေကို ဆက်လက်ဆွေးနွေးပါမယ်။

 


အနတ္တ၀ါဒနဲ့ nothingness အယူအဆအကြောင်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ရေးပြီးသားပါ။ အတွေးအမြင်စာစောင်ကို ပို့မယ်,ပို့မယ်နဲ့ မပို့ဖြစ်။ အခုတော့ တင်ဖို့ စာစီလိုက်ပါမယ်။

 

Advertisements

Leave a comment

Filed under Knowledge, Philosophy

0 responses to “Existentialism

  1. ဟုတ်ပါတယ်။ သဘောတူပါတယ်။ တချို့ သူတွေက ဘာသာခြားတွေကို လက်ခံကောင်းလက်ခံမယ်။ ဘာသာမဲ့ တွေကိုလက်မခံချင်ကြပါဘူး။ အဲဒါဟာ ဘာသာမဲ့ တွေရဲ့ ဘာသာရေး အပေါ် ဝေဖန်ဆန်းဆစ်မှုကို ကြောက်လို့ လို့ ထင်ပါတယ်။ ပြီးတော့ ဘာသာမဲ့တွေကို ကွန်မြူနစ် နဲ့ ရောထွေးမြင်တတ်သူတွေရှိသေးတယ်။ တကယ်တော့ ဘာသာမဲ့ခြင်း မမဲ့ခြင်းထက် ကိုယ်ကျင့်တရား မဲ့ခြင်း မမဲ့ခြင်းက အဓိက ကျပါတယ်။

    ပြီးတော့ တကယ်စဉ်းစားကြည့်ရင် လူတစ်ယောက်စီမှာ ဘာသာတမျိုးစီလို့ ယူဆလို့ ရပါတယ်။ ကျွန်တော် ခံယူထားတဲ့ ဗုဒ္ဓဘာသာနဲ့  အခြားတစ်ယောက်ခံယူထားတဲ့ ဗုဒ္ဓဘာသာ ထပ်တူထပ်မျှ မတူနိုင်ပါဘူး။ အနုအရင့်၊ အသိဥာဏ်၊ ပတ်ဝန်းကျင်တွေကို လိုက်ပြီး အသေးအဖွဲလေးတွေ ဖြစ်တဲ့ သက်သက်လွတ်စားခြင်း မစားခြင်းက အစ တစ်ယောက်နဲ့ တစ်ယောက် အယူအဆတွေ တူမှာ မဟုတ်ပါဘူး။ တချို့ က ကိုးကွယ်မှုကို အလေးပေးမယ်။ တချို့ က လက်တွေ့ အကျင့်တွေကို ဦးစားပေးမယ်။ တချို့ က ဇာတ်တော်တွေကို အဖိုးတန် သင်ခန်းစာတွေလို့ မြင်ပြီး အနှစ်သာရထုတ်ယူမယ်။တချို့ ကျတော့ တကယ့်အဖြစ်အပျက်တွေလို့ ယူဆကြမယ်။ ဒါပေမယ့်အနှစ်သာရကိုတော့ယူချင်မှယူမယ်။ စသည်ဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အဓိက ကတော့ ကိုယ်ကျင့်တရားကောင်းဖို့ ၊ မေတ္တာတရား ထားကြဖို့ နဲ့  တခြားသူတွေရဲ့ အယူအဆကို လေးစားအသိအမှတ်ပြုဖို့ ပါ။ comment ရှည်သွားရင်ခွင့်လွှတ်ပါဗျို့ ။ တွေးစရာတွေ ပေးတဲ့ blog လေးမှာ တွေးမိတာလေး ရေးမိတာပါ။

  2. သေဆုံးခြင်းလို့ခေါ်တဲ့နောက်ဆုံးစီရင်ချက်မချခင် သက်တမ်းတစ်လျှောက်လုံး ကျနော်တို့တွေနေ့စဉ်နှင့်အမျှ စီရင်ချက်ပေါင်းမြောက်များစွာကိုရင်ဆိုင်နေကြရပါတယ်။ အဲဒီမှာတစ်ချို့က စီရင်ချက်ပေါင်းမြောက်များစွာကိုရင်မဆိုင် ခြင်တော့ပဲ နောက်ဆုံးစီရင်ချက် လို့ခေါ်တဲ့သေခြင်းကို တိုက်ရိုက်ရင်ဆိုင်ပြစ်လိုက်ကြတယ်။ ထို့ကြောင့်အဲဒီဖြစ်စဉ်ကို မိမိကိုယ်ကိုအဆုံးစီရင်ခြင်းလို့ခေါ်ပါတယ်။ တကယ်တော့ တျနော်တို့မှာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ထက် ဆက်လက်အသက်ရှင်နေထိုင်ဖို့ ခွန်အားတွေပိုမိုလိုအပ်ပါတယ်။ အားကိုးရာမဲ့နေတဲ့လူသားဟာ အားကိုးရာရှာရင်း အဲဒီမှာ ဘာသာတရားလို့ခေါ်တဲ့ကောက်ရိုးတစ်မျှင်ကို သွားတွေ့တယ်။ အဲဒီကောက်ရိုးကတကယ်ပဲ အားကိုးရာလား ဆိုတာသံသယ၀င်နေပေမဲ့ သူ့ထက်သာတဲ့အရာတစ်ခုမတွေ့မခြင်းလူတွေဟာ အဲဒီကောက်ရိုးမျှင်ကိုပဲ အားကိုးရာအဖြစ်ဆက်လက်ဖက်တွယ်ထားကြတယ်။ အဲဒါကလည်း ထာဝရလားဆိုတော့ မဟုတ်ပါဘူး။ သစ်တုံးတစ်လုံး မျောလာတာမတွေ့တဲ့အထိပေါ့။ သစ်တုံးတွေအပေါ်ဖက်တွယ်ထားမှူကလည်း ဖောင်တစ်စင်းမျောလာတာတွေ့တဲ့အထိပါပဲ။ အဲဒီဖောင်တစ်စင်းဆိုတာကလဲ သင်္ဘောတစ်စင်းကိုတွေ့တဲ့အထိပဲခံမှာပါ။ ရှေးလူတွေ မီးကို ကိုးကွယ်ရာကနေ နတ်ဘုရားတွေဆီပြောင်းလဲလာပြီး နတ်ဘုရားတွေကမှ တဆင့်ဒီထက်အာမခံချက်တွေပေးနိုင်တဲ့ ယနေ့အသီးသီးကိုးကွယ်နေကြတဲ့ ဘာသာကြီးတွေအထိ တိုးတက်ပြောင်းလည်းလာသလိုပေါ့။ ဒါကလည်း နောက်ထပ်ပင်လယ်ကူးသင်္ဘောကြီးတွေမျောလာတာမမြင်တဲ့အထိပါ။ အနာဂါတ်လွန်လူသားတွေ ဟာ လက်ရှိဘာသာတရားတွေထက်သာတဲ့ အရာတစ်ခုခု ထပ်မတွေ့နိုင်ဘူးလို့ ဘယ်သူကျိန်းသေပေါက်ပြောနိုင်မှာလဲ။ အဲဒီအခါကျရင် အနာဂါတ်ရဲ့လူတွေက ကျနော်တို့ကိုကြည့်ပြီး ကျနော်တို့မီးကိုကိုးကွယ်တဲ့လူတွေကို ဟားသလိုမျိုး ၀ိုင်းဟားကြလိမ့်မယ်။ ဆိုလိုတာကကျနော်တို့ အလွန်အထွတ်အထိပ် ထားပြီးကိုးကွယ်နေတဲ့ အရာတွေကလည်းမတည်မြဲဘူးဆိုတဲ့သဘောပါ။

    ပရမတ်သဘောမဆောင်တဲ့ အဲဒီပညတ်တွေကြားမှာ ရုန်းကန်နေရတဲ့လူတွေဟာ မိမိတို့ယုံကြည်ရာတွေသာအမှန်တရားလို့ ကိုယ့်အတ္တကိုယ်လုံခြုံအောင်ကြိုးစားရင်း ဘာသာရေးစစ်ပွဲတွေကိုဖန်တီးခဲ့ကြပြန်ရော။ အရှူံး၊အနိုင်ဆိုတာတွေထက် မိမိတို့ဖက်တွယ်ထားရာလေးလွတ်ထွက်မသွားအောင် ပိုပြီးအားထုတ်ခဲ့ကြတယ်။ လူ့ဘ၀ကြီးရဲ့အဓ္ဓိပါယ်တွေ အဲဒီအထဲမှာရှိနေတယ်ဆိုတာကိုဇွတ်မှိတ်ယုံကြည်နေရင်းနဲ့ပေါ့။ ဒါပေမဲ့ အဲဒါတွေက မိမိကိုယ်ကိုလိမ်ညာနေရုံသက်သက်တွေပါ။

  3. When I was young, I happened to understand that Kyi Aye was labeled as an existentialist of Myanmar literature but I didn’t ask myself a lot of questions for that. But at any rate, neither Kyi Aye nor Albert Camus was symbolizing the true identity of existentialism when they entered into the era of social reformation. They creeped from the dark shadow and show no sign of leaving. Everyone get alert when their magical sleight of hands reveal the new transformation of our society by young educated men where they lost their way to adjust the dramatic change of culture conflict and social perceptive. With regard and humble to share you with the song dedicated to “The Outsider” or “The Stranger” of Camus, here is the song “Killing an Arab”. It was the first single by “The Cure” 70’s 80’s alternative UK music band.