A Visit to Kayin Village

သုတေသနနည်းနာ Workshop Training ရဲ့ အစီအစဉ်တစ်ခုအဖြစ် ထိုင်းရှိ၊ ချင်းမိုင်ပြည်နယ်ထဲက ဘန်းဟွေ့အီခန်းဆိုတဲ့ ကရင်ရွာကို ညအိပ်ခရီးလာခဲ့ကြပါတယ်။ (ဘန်းဆိုတာ ထိုင်းလို `ရွာ´လို့ အဓိပ္ပာယ်ရတယ်) တောင်ပေါ်ရွာပါပဲ။ မြန်မာပြည်မှာပဲနေနေ၊ ထိုင်းမှာပဲရှိရှိ ကရင်တို့ရဲ့ ပွင့်လင်းတဲ့ ပင်ကိုယ်စရိုက်နဲ့ ဓလေ့ရိုးရာကတော့ အတူတူပါပဲ။ မြန်မာပြည်က ကရင်တိုင်းရင်းသားတွေထက်စာရင် ထိုင်းက ကရင်တိုင်းရင်းသားတွေရဲ့ဘ၀က ပိုပြီး လူနေမှုအဆင့်မြင့်တာတွေ့ရပါတယ်။ ဒါ အုပ်ချုပ်သူအစိုးရနဲ့ဆိုင်တယ်ဆိုတာ ပြောဖို့မလိုပါဘူး။ ဒါတောင်မှ တိုင်းရင်းသားတွေဟာ ထိုင်းမှာ ခွဲခြားဆက်ဆံခံရသူတွေဖြစ်ပါတယ်။ ခရီးတလျှောက်နဲ့ ရွာမှာတည်းတဲ့အခိုက် သွားရင်းကိစ္စဖြစ်တဲ့ သုတေသနထက် မြန်မာနဲ့ ထိုင်းရှိ တိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀၊ အခွင့်အရေးစတာတွေကို Comparative Studies လုပ်နေမိပါတယ်။ ကျနော်ကရင်ပြည်နယ်ထဲ အကြောင်းတိုက်ဆိုင်လို့ ရောက်ခဲ့ဖူးပြီး လေ့လာခဲ့ဖူးတာ အများကြီးအသုံးဝင်ပါတယ်။

p1010693.jpg

ပင်လယ်ရေမျက်နှာပြင်အထက် အတော်မြင့်ပါတယ်။ မိုးရွာဆဲ ဖြစ်ပြီး ညကျရင် အေးပါတယ်။ စိုက်ပျိုးရေးက စနစ်တကျရှိပါတယ်။ ရွာထဲမှာ ၀က်နဲ့ကြက်ပဲတွေ့တယ်။ နွားတွေ၊ ကျွဲတွေ လုံးဝလုံးဝ မတွေ့ရပါ။ တကယ့် စက်မှုလယ်ယာစနစ်ပါပဲ။ ထိုင်းမှာက စိမ်းစိမ်းမြင်ရင် တော်ဝင်မိသားစုအသီးသီးရဲ့ ထိမ်းသိမ်းသစ်တော လုပ်ပစ်လေတော့ မြေယာပိုင်ဆိုင်ခွင့်မရကြပါဘူး။ ဒါပေမယ့် ကရင်တွေက (အခြားတိုင်းရင်းသားများလည်း ထို့နည်းတူ) ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်လာတဲ့မြေပါ။

သစ်တောတွေပြုန်းတီးမှာစိုးလို့လို့ အကြောင်းပြကြပေမယ့် အခြေချနေထိုင်သူ တိုင်းရင်းသားတွေကြောင့်ထက် အလွဲသုံးစားလုပ်ခွင့်ရှိတဲ့ သူတွေကြောင့်သာ သယံဇာတတွေ ပြုန်းတီးတာဖြစ်ပါတယ်။ ခေတ်သစ်လူယဉ်ကျေး လူများစု (Majority) တွေရဲ့ နိုင်ငံတိုင်းလိုလိုမှာတွေ့ရတဲ့ လက်ဝါးကြီးအုပ်မှု၊ အသံတိတ်လူမျိုးကြီးဝါဒ တမျိုးပါပဲ။

p1010664.jpg

ရွာလယ်လမ်းမကြီးပါ။ လှည်းလမ်းအဆင့်မဟုတ်ပါဘူး။ ကားသွားလို့ရအောင် လုပ်ထားတဲ့ လမ်းပါ။ ရွာဟာ ဆင်းရဲချမ်းသာ ကွာဟချက် မကြီးပါဘူး။ အိမ်တော်တော်များများမှာ ကားရှိကြပြီး ဆိုင်ကယ်ကတော့ အိမ်တိုင်းလိုလိုရှိပါတယ်။ လယ်ထဲကို ကား၊ ဆိုင်ကယ်တွေနဲ့ သယ်စရာရှိတာတွေ သယ်ပြီးသွားကြတာပါပဲ။

 

p1010727.jpg

အိမ်တော်တော်များများဟာ သစ်တွေလှိုင်လှိုင်သုံးထားပြီး ခေတ်သစ်တန်ဆာပလာတွေ ကင်းတဲ့ ရိုးရိုးရှင်းရှင်း ရိုးရာအိမ်ကောင်းတွေပါ။ ကျနော်တို့ အုပ်စုခွဲ သွားအင်တာဗျူးတဲ့ ဖထီးဆီမန်းရဲ့အိမ်ဘေးမှာ အိမ်သစ်တလုံး ဆောက်နေတာ တွေ့ရပါတယ်။ လျှပ်စစ်လွှသံ တညံညံနဲ့။ မီးက 24 Hours ကိုးဗျ။ ဒါတော်တော် အဖျားရောက်တဲ့ ရွာနော်။

p1010677.jpg

p1010683.jpg

ကရင်အမျိုးသမီးကြီး အိင်္ကျီမှာ ကြိုးလေးတွေ ကျစ်ပြီးတပ်နေတာပါ။ ရိုးရာကရင်အင်္ကျီကို လက်နဲ့ပဲ ယက်ဟန်တူပါတယ်။ ဗိုင်းငင်တဲ့ ကိရိယာတွေလည်းတွေ့ရတယ်။

p1010730.jpg

ယာခင်းလျှောက်လှည့်ရင်း ဟင်းစားလေးဘာလေး ရှာမယ့် ကရင်လူငယ်တစ်ဦးပါ။ လေးခွနဲ့ ပစ်မယ့်သူတော့ မဟုတ်ဘူး။ လေသေနတ်နဲ့ဗျ။

p1010725.jpg

ဒီပုံကို သေချာကြည့်ဗျ။ လယ်စောင့်တဲ၊ ဒါပေမယ့် သွပ်မိုးတွေနဲ့ချည်းပဲ။ မြန်မာပြည်နဲ့ ယှဉ်ပြီး မြင်ယောင်ဖို့ပါ။

p1010717.jpg

ရွာထဲတင် လျှပ်စစ်မီးရှိတာမဟုတ်ဘူး။ လယ်ထဲယာထဲမှာလည်း သွယ်ထားပါသေးသဗျာ။ ဘယ်အတွက်လည်းဆိုတော့………

p1010718.jpg

ရေထမ်းလောင်းဖို့မလိုအောင်ဗျ။ စိုက်ခင်းထဲမှာ ပိုက်တွေဒီလိုထောင်ထားပြီး စက်နဲ့ ရေမောင်းတင်၊ ဖြန်းပေးပေါ့။ ကျုပ်တို့ဆီမှာ ပုခုံးဂျွတ်တက်အောင် ရေထမ်းလောင်းရတဲ့ ဥယျာဉ်သမားတွေကို မြင်ယောင်ပြီး သနားတယ်ဗျာ။

p1010744.jpg

ထမင်းမကျက်သေးတော့ ဒေါက်တာတင်မီနဲ့ မောင်ဖီးလ်တို့ ခြံမှာ တော်ကီရိုက်နေကြ။ ဗိုက်ကလည်းဆာ၊ ချစ်စရာကောင်းတဲ့ အိမ်ရှင်မရဲ့ ထမင်းကလည်း မကျက်သေး။ ဘဲဥကြော်၊ ငါးပြုတ်ရေနဲ့ ဘာသီးကြော်မှန်းမသီတဲ့ အကြော်ရယ်။ စားလို့ကောင်းပါဘိ။ ဂျာမန်မတွေရော၊ တရုတ်မတွေရော၊ ဖိလစ်ပိုင်မရော၊ စကားပြန် ထိုင်းကျောင်းသူ မရွှေချောလေးတွေရော ဂျီးမများနိုင်ဘူးဗျို့။ ကျုပ်တို့ရောပေါ့ဗျာ..စားလိုက်တာဟာ။ ဖီလာဒဲဖီးယားသား မောင်ဖီးလစ်ကတော့ ဂျီးသိပ်မများဘူး။ အာရှစာတွေကြိုက်တဲ့သူ။ ဆာရင်တုပ်တဲ့ကောင်။ မိန်ရာဟင်းကောင်းဆိုတာမျိုးပေါ့။

p1010743.jpg

ကျနော်တို့က PAR ခေါ်တဲ့ Participatory Action Research လုပ်တာဆိုတော့ ပုံထဲက စတက်ဖနီနဲ့ ကရင်ညီအမတွေလိုပေါ့… ငိုက်စရာ အင်တာဗျူးမဟုတ်ဘဲ စက္ကူတွေချ ပုံတွေ ၀င်ဆွဲ၊ အရောင်တွေခြယ်နဲ့ တပျော်တပါးပေါ့။

ဒါပေမယ့် ကျုပ်တို့အဖွဲ့ကတော့ အင်တာဗျူးတဲ့အိမ်နဲ့ ဒေါက်တာမာရူဂျာ၊ ဒေါက်တာတင်မီတို့တည်းခိုတဲ့အိမ် နဲ့ တစ်အိမ်ထဲဖြစ်နေလို့ ကြောင်ရှိတော့ ကြွက်ငြိမ်ဆိုတာလို ခပ်ကုပ်ကုပ်နေရပြီး အချိန်လင့်သွားတာနဲ့ ခေါင်ရည်ခိုးသောက်ကြမယ့် အစီအစဉ်ပျက်ခဲ့ကြောင်းပါ။

Advertisements

Leave a comment

Filed under Experience

Comments are closed.