The 8th Habit-8

အဋ္ဌမမြောက်အလေ့အထ – ၈

(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)

ကောင်းမြတ်ကျော်စွာ

ကျွန်ုပ်တို့အများစုသည် အလုပ်သစ်တစ်ခုကို စလုပ်သောအခါ တက်ကွထက်သန်မှုအပြည့်နှင့် ဖြစ်သည်။ ထိုတက်ကွမှု မီးတောက်ကလေးများသည် အချို့တွင် တဟုန်းဟုန်းတောက် လာ၍ အချို့တွင် တဖြည်းဖြည်းနှင့် ငြိမ်းသွားတတ်သည်။ မက်စ်ဆိုသော လူငယ်ကလေး၏ ဖြတ်သန်းမှုကို နမူနာကြည့်နိုင်သည်။

နမူနာဇာတ်လမ်းတစ်ပုဒ်

မက်စ်သည် အလုပ်ဝင်ခါစ တက်ကွမှု၊ ထက်သန်မှုအပြည့်နှင့် ဖြစ်သည်။ ၀ယ်ယူအားပေးသူများကို စတင်ရှာဖွေဆက်ဆံရချိန်၌ အထက် လူကြီး မစ္စတာဟာရိုးသည် မက်စ်၏ အခန်းကဏ္ဍကို ကန့်သတ်ထားခဲ့သည်။ မက်စ်သည် ချုပ်ချယ်မှု၊ ထိန်းချုပ် မှုများကြား၌ ယုံကြည်မှု ပျက်ပြားသွားသည်။ ရှက်ရွံ့လာသည်။ ရည်ရွယ်ချက်၊ အလားအလာနှင့် လွတ်လပ်စွာ ရွေးချယ်ဆောင်ရွက်ခွင့်များ မှေးမှိန်သွားသည်။ တစ်နည်းအားဖြင့် ၎င်းင်း၏ Voice ပျောက်သွားသည်။ ကိုယ့်အားကိုယ်ကိုးရန် နောက်တွန့် သွားပြီး ဟာရိုးကို မှီခိုလာရရာမှ မက်စ်သည် နောက်လိုက်ဖြစ်မှန်းမသိ ဖြစ်လာသည်။ ညွှန်ကြားချက်ရှိမှလုပ်တတ်သူ ဖြစ်လာသည်။

ဤကိစ္စတွင် မစ္စတာ ဟာရိုးကို အပြစ်တင်ကြမည်ဖြစ်သော်လည်း သတိပြုရမည်မှာ ဟာရိုး၏ ဘော့စ်က ဟာရိုးကို ကိုင်တွယ်ခဲ့သည့်အတိုင်း ဟာရိုးကလည်း မက်စ်ကို ကိုင် တွယ်ခြင်းဖြစ်သည်။ ဤကဲ့သို့သော ကန့်သတ်ပိတ်ပင်မှုမျိုးကို ကုမ္ပဏီ တစ်ခုလုံးတွင် အဆင့်ဆင့်တွေ့ရလေ့ ရှိသည်။ ထို့ကြောင့် အလုပ်ခွင်ယဉ် ကျေးမှုသည် ကိုယ့်အားကိုယ်ကိုးခွင့် မရခြင်း (အမှီအခိုမကင်းခြင်း) ဖြစ်နေပေသည်။

ခေါင်းဆောင်ပိုင်းရောက်လာသော်လည်း ကိုယ့်အားကိုယ်ကိုးမှု၊ လွှမ်းမိုးထားနိုင်မှုတို့ရှိလာအောင် လေ့ကျင့်ပျိုးထောင်ခဲ့ခြင်းမဟုတ်ဘဲ ၀ါစဉ်ဖြင့် ရာထူးရလာသောကြောင့် ဖြစ်သည်။ အများစုသောလုပ်ငန်း၊ အဖွဲ့အစည်းများ၏ တကယ့်အခြေ အနေမှာ မက်စ်၊ ဟာရိုးတို့၏ ပုံစံနှင့် မနီးရိုးစွဲဖြစ်သည်။ စတီဖင်ကိုဗေးက သူ နှစ် ၄၀ နီးပါး အလုပ်လုပ်ခဲ့ဖူးသည့် အကောင်းဆုံးဆိုသော အဖွဲ့ အစည်းများ၌ပင် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ပြည့်နေသည်ဟုဆိုသည်။ ကမ္ဘာပေါ်တွင် ပေါ်ပေါက်နေသည့် အပြောင်းအလဲ များကြောင့် ပြဿနာနှင့် စိန်ခေါ်မှု များမှလာသော နာကျင်ခက်ခဲမှုမှာ ပိုမိုများပြားလာသည်။ စိန်ခေါ်မှုများကို အကြမ်းအားဖြင့် သုံးပိုင်းခွဲနိုင်သည်။ အဖွဲ့အစည်းဆိုင်ရာ၊ ဆက်ဆံပြုမူရေး ဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာတို့တွင် ဖြစ်သည်။


အဖွဲ့အစည်းဆိုင်ရာအဆင့်
(Organizational Level) တွင် ပါရမီ အရည်အသွေးနှင့် Voice တို့ကို ခေါင်း မထူနိုင်စေမည့် အပြုအမူ၊ ဆက်ဆံ ရေး၊ ဆုပေး-ဒဏ်ပေးစနစ်၊ လေ့ကျင့် ပေးမှုနှင့် အချက်အလက်ဖြန့်ဝေမှုတို့ကို မောင်းနှင်ပေးသည့် ထိန်းချုပ်စီမံမှုဆိုင်ရာ အယူအဆဖြစ်သည်။ ထိန်းချုပ်စီမံရေးအယူအဆ၏ ရင်းမြစ်မှာ စက်မှုခေတ်ဖြစ်ပြီး စက်မှုလုပ်ငန်း များ၏ အုပ်ချုပ်မှုပိုင်းက ထားရှိသော သဘောထားဖြစ်သည်။ ဤဆောင်း ပါးများတွင် စက်မှုခေတ်၏ လူကို အရာဝတ္ထုကဲ့သို့ ရှုမြင်သောသဘော ထား (‘Thing’ Mind-Set) ဟု သုံးထား သည်။


ဆက်ဆံပြုမူရေးဆိုင်ရာအဆင့် (Relationship Level) တွင် အဖွဲ့ အစည်းများ၊ လုပ်ငန်းများအတွင်း၌ လွှမ်းမိုးခံရမှု၊ မှီခိုနေရမှုတို့ကို တွေ့နိုင်သည်။ အခြေခံအားဖြင့် ယုံကြည်မှု ကင်းမဲ့ခြင်းသည် တစ်မူထူးခြားသော စိတ်အားထက်သန်မှု၊ ဖန်တီးနိုင်မှု တို့အတွက် ကျင်လည်မှုနှင့် စိတ်သဘောထားကို အားလျော့စေသည်။ အဖွဲ့အစည်းဆိုင်ရာစနစ်နှင့် ထိန်းချုပ် စီမံရေးကမှီခိုမှုများစွာဖြစ်စေပြီးပြဿနာများလည်း ပေါ်ပေါက်စေသည်။ အလွန်အမင်း လွှမ်းမိုးခံရခြင်းသည် စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေသည်။ ဥပမာ သူတစ်ပါးအောင်မြင်မှုကို မုဒိတာမပွားနိုင်ခြင်းမျိုး ဖြစ်သည်။


ကိုယ်ရေးကိုယ်တာအဆင့်
(Personal Level) ကို ပြောရမည်ဆိုလျှင် အထက်ပါအဖွဲ့အစည်းများသည် အဆင့်တိုင်းအတွက် ထက်မြက်သော၊ ပါရမီရှိသော၊ ဖန်တီးနိုင်သောသူများ ကို ဖြည့်တင်းထားသည့်တိုင် ဘောင်တစ်ခုအတွင်း နှောင်ဖွဲ့ထားခြင်း၊ လျှော့တွက်ခံရခြင်း၊ အားပေးအားမြှောက်မှုမရှိခြင်းဟူသော ခံစားချက် များရှိနေတတ်သည်။ ထိုအခါ အနှီ လူတော်များသည် စိတ်ဓာတ်ကျဆင်း ပြီး အပြောင်းအလဲလုပ်နိုင်မည့် ကိုယ့် အစွမ်းအစကိုယ် ယုံကြည်မှုမရှိတော့ချေ။

ပါရာဒိုင်း၏ ပါဝါ

သိပ်မစွံလှသော အဖွဲ့အစည်း၊ လုပ်ငန်းများသည် ကိုယ့်ချွတ်ယွင်းမှုကို ကိုယ်မမြင်နိုင်သည့် အခြေအနေကို ပိုမိုကြီးထွားစေသည်။ ကိုယ့်ပြဿနာကို မမြင်နိုင်။ ပြဿနာကိုလည်း ဖြေရှင်းရကောင်းမှန်းမသိ၊ ထို့ကြောင့် ခံစားချက်မရှိဟု စာရေးဆရာ ဂျွန် ဂါဒနာက ပြောဖူးသည်။ အိုင်းစတိုင်း ကမူ ထူးကဲသော ပြဿနာများကို ရင်ဆိုင်ရသည့်အခါ ယင်းပြဿနာများကို ဖန်တီးမိစဉ်က အတွေးအခေါ် မျိုးလောက်ဖြင့် ဖြေရှင်း၍မရ ဟု ဆို သည်။


သဘောထားအပြုအမူ၊
အလုပ် ခွင် အလေ့အကျင့်၊ တိုးတက်မှုနှင့် လှုပ်ရှားနေသော ပြောင်းလဲမှုတို့ကို သေးဖွဲအောင် လုပ်ပစ်သောအခါ အထက်ပါအဆိုအမိန့်တို့၏ သိမ်မွေ့ မှုကို တွေ့ရပေမည်။ အထက်ပါကိစ္စတို့ကို အထင်အရှား ဖြစ်လာအောင် ဆောင်ရွက်ပါမူ ကြီးကျယ်သော ပြောင်းလဲမှုများ၊ အလုပ်ခွင်ပါရာဒိုင်း တို့ ပေါ်ပေါက်လာသည်။ ပါရာဒိုင်း (Paradigm) ဆိုသောစကားလုံး၏ မူလပင်မမှာ ဂရိစကားလုံး Parateigma ဖြစ်သည်။ မူလမှာ ပညာရပ်သုံး ဝေါဟာရဖြစ်သော်လည်း ယနေ့တွင် အများအားဖြင့် သဘောထားအမြင်၊ ယူဆချက်၊ သီအိုရီ၊ ရည်ညွှန်းကိုးကားရာစံ၊ ဥပဒေသဘောင်စသည့် အဓိပ္ပာယ်များဖြင့် သုံးကြသည်။ ဤအရာသည် လမ်းပြမြေပုံတစ်ခုသဖွယ် ဖြစ်သည်။ အကယ်၍ လမ်းပြမြေပုံမှား နေပါက လိုရာသို့ ရောက်ရန် ခက်နေပေဦးမည်။ အပြုသဘောဆောင်၍ တွေးတောထားသည့်တိုင် ဆုံးရှုံးမြဲ ဆုံးရှုံးနိုင်သည်။ လမ်းပြမြေပုံမှန်ပါမှ လုံ့လနှင့် အားထုတ်မှုသည်လည်း လမ်းမှန်နိုင်ပေမည်။

ကောင်းမြတ်ကျော်စွာ

(ဆက်လက်ဖော်ပြပါမည်)

The 8th Habit

www.phatpa.com တွင်လည်းရှု။

Advertisements

Leave a comment

Filed under Management, Philosophy

Comments are closed.