To Myint Than…

မြင့်သန်း၏ – ကမ္ဘာကြီးပူနွေးလာသတဲ့လား-သို့ပြန်ကြားချက်

ကမ္ဘာ္ဘကြီးပူနွေးလာတယ်ဆိုတဲ့ကိစ္စကို (ကျွန်တော့်အမြင်သက်သက်ပြောရင်) ခေါင်းထဲ ထည့် စဉ်းစားသင့်တဲ့ကိစ္စလို့ကိုမမြင်ဘူး” ဆိုတာ လက်ခံနိုင်စရာရှိပါတယ်။ ပုဂ္ဂလိကအမြင် ဖြစ်လို့ပါ။

နိုင်ငံရေးမှာ သဘာဝပတ်ဝန်းကျင်အရေးသာ မကပါဘူး၊ တခြား လူ့အခွင့်အရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတာတွေဟာလည်း ခုတုံးအလုပ်ခံရတာပါပဲ။ ဒါကို ခွဲခြားမြင်ရပါမယ်။ နိုင်ငံရေးသမားပြောတဲ့စကားမို့ ယုံစရာမရှိ ဆိုပြီး သိမ်းကြုံးပယ်ချရမယ်ဆိုတာကတော့ ကလေးကလားဆန်လွန်းပါတယ်။

ကမ္ဘာကြီးပိုပြီးပူနွေးလာတာ သဘာဝပါလို့ဆိုပေမယ့် ဟိုးအရင်တုန်းက ဒီနေ့ခေတ်လို မီးခိုးလွှတ်မယ့်ကား၊ ယာဉ်တွေ၊ စက်ရုံတွေ မရှိခဲ့ဖူးတာတော့ ထည့်ပြောဖို့ လိုပါမယ်။ ရန်ကုန်မှာ ဆက်တိုက်နေခဲ့တာ အပူချိန်၊ အအေးချိန်တွေ ပြောင်းလဲလာတာ ကိုယ်တွေ့ ခံစားရပါတယ်။

စာရေးဆရာမြင့်သန်းလို သြစတေးလျမှာသွားနေနိုင်သူ၊ ပူရင်တောင် အဲယားကွန်းခန်းထဲ နေနိုင်တဲ့ ဘူဇွာလို လူစားမျိုးတွေ မသိတာ မဆန်းတဲ့ပါဘူး။ ဆောင်းပါးကို ဆက်ဖတ်တော့ ကမ္ဘာကြီးပိုပြီးပူနွေးတာအကြောင်းပြပြီး သူများကိုနှက်ချင်တာက ပေါ်လာတာကိုး။ ဂလိုဘယ်လိုက် ဇေးရှင်းနဲ့ မြန်မာကဗျာကို ရှာကြံဆက်စပ်ရဘူးလို့ ဦးမြင့်သန်းကို ဘယ်အနောက်တိုင်း က၀ိက ပြောပါလိမ့်။

တစ်ပတ်ရစ် ဂျာနယ်လစ် တွေက ထစ်ကနဲဆို အနောက်ကတစ်ခုခု အသံထွက်လာရင် အတင်းအဓမ္မဦးအောင် ဘာသာပြန် အပင်းသွင်းနေကြတာကို အကြိမ်ကြိမ်ဖတ်ခဲ့ရဖူးပါတယ်” လို့ ဦးမြင့်သန်းက ရေးပါတယ်။ ဒါကရှင်းပါတယ်၊ ဆရာမောင်စူးစမ်း၊ ဆရာကျော်ဝင်းတို့ကို ပုတ်ခတ်တာပါပဲ။ ဦးမြင့်သန်းက ကမ္ဘာကြီးပိုပြီးပူနွေးတာကို သဘောရိုးနဲ့ ပြောချင်တာထက် နိုင်ငံတကာရေးရာဆရာတွေကို မုဒိတာမပွားနိုင်လို့ အပုတ်စာရေးကြောင်း သူညွှန်းညွှန်းပြီး ပုတ်ခတ်သွားတဲ့ စာအုပ်တွေကြည့် သိနိုင်ပါတယ်။ ဦးမြင့်သန်းရေးတဲ့ ကပ်ဖကာ တ´ချင်း တွေထက်စာရင် သူတို့ စာအုပ်တွေက ပိုကောင်းပါသေးတယ်ဗျာ။

Christopher C. Horner ရဲ့ စာအုပ်ကို ညွှန်းပြီးပြောချင်တယ်ဆိုရင် ကျနော်ကလည်း သဘာ၀၀န်းကျင်အကြောင်း စေ့စေ့ငုငုရေးတဲ့ ကမ္ဘာ့ ဒိတ်ဒိတ်ကျဲ တစ်ဒါဇင်လောက် အသာလေး ထုတ်ပြလို့ရပါတယ်။ တကယ်တော့ ခရစ်တိုဖာရဲ့ စာအုပ်ဟာ ကျောင်းသုံးစာရင်း မ၀င်တဲ့ ပေါ်ပြူလာ ငြင်းချက်စာအုပ်လောက်ပါပဲ။

ဦးမြင့်သန်းက…

ကျွန်တော့်အမြင်သက်သက်ဆိုရင် ကျွန်တော်တို့တတွေဟာ သူများ အကျိုးစီးပွားအတွက် ၀ိုင်းပြီးညာသံပေးမယ့်အစား ကိုယ်လုပ်သင့်တာ၊ ကိုယ်လုပ်နိုင် တာလုပ်ဖို့ကောင်း တယ်လို့ ထင်မိတယ်။ အိုဇုန်းအလွှာပါးသွားတာကို ထိုင်ပူနေမယ့်အစား ကိုယ်နေတဲ့လမ်းထဲက လမ်းမှာ ချိုင့်ဖြစ်သွားတာကလေးကို ထပြီးဖို့။ ပညာတွေသိပ် တတ်နေရင် ကလေးတွေကို ပညာလက်ဆင့်ကမ်း၊ ပိုက်ဆံတွေပိုနေရင်မိဘမဲ့ကလေးတွေ၊ ကျောင်းမနေနိုင်တဲ့ကလေးတွေကိုကျောင်းထားပေး။ အလကား ပညာသင်ပေး။ အရိပ်ရချင်လို့ သစ်ပင်စိုက်ချင်ရင်စိုက်။ ကမ္ဘာကြီး ကယ်တင် ဖို့ရယ်၊ ဘာရယ်ပြောမနေနဲ့။ ၀င်ရိုးစွန်းကရေခဲတွေ အရည်ပျော်လာလို့ ပင်လယ်ရေမျက်နှာပြင် တက်လာမှာကို တွေးကြည့်နေမယ့်အစား တာလမ်းပေါ်က သစ်ပင်အောက်မှာ သောက်ရေအိုးထဲရေနည်းနေရင် ရေသွားဖြည့်။ ဘာမှမလုပ်ချင်ရင်တောင် ကမ္ဘာကြီးပူနွေးနေတာကို ထိုင်ပြီးပူနေမယ့်အစား သတ္တ၀ါ အများကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့သာ မေတ္တာပို့နေ။ ပို့နေတဲ့ မေတ္တာရောက်မယ်၊ မရောက်ဖူးတော့ အာမမခံနိုင်ဘူး။ အကုသိုလ်စိတ်တော့နည်းမယ်ထင်တယ်။

..ဆိုပြီးရေးထားပါတယ်။

ကျနော်က သူ့စကားအတိုင်း သံယောင်လိုက်လိုက်ချင်တာက ၁) ဦးမြင့်သန်းလည်း နိုင်ငံရပ်ခြားကနေ ဟမ်ဘာဂါစားပြီး ၀ိုင်းပြီးညာသံပေးမယ့်အစား ကိုယ်လုပ်သင့်တာကိုယ်လုပ်ပေါ့။ ၂) သူများတွေရေးတာကို (ကိုယ်လည်းမရေးနိုင်၊ ရေးချင်တာလည်း မဟုတ်ဘဲ) ၀င်ဝင်ပြီး ဟောင်ဖွာဟောင်ဖွာလုပ် မယ့်အစား၊ သူများကို သစ်ပင်စိုက်၊ ရေအိုးရေဖြည့်ဖို့ ထိုင်ပြောနေမယ့် အစား ကိုယ်တိုင်ထစိုက်၊ ကိုယ်တိုင် ထ ဖြည့်လိုက်လျှင် သတ္တ၀ါ အများကိုယ်စိတ်နှစ်ဖြာ ချက်ချင်းလက်ငင်း ကျန်းမာချမ်းသာကြပါမည့် အကြောင်း။

ဦးမြင့်သန်းပြောတာကို ကာယကံရှင်တွေက ခန္တီစပေမယ့် ကျွန်ုပ်ကဲ့တော့ မနေနိုင်လို့ ချက်နှင့်လက်နှင့် ပြန်ကြည့်တာပါ။ ယခင်က အင်တာနက် ရှာစက်ထဲ ထည့်ရှာပြီး ပြည်တွင်းကစာရေးဆရာဘိုးတော်ကြီးတွေကို ဦးမြင့်သန်း လှိမ့်သလို ဂျာနယ်လစ်ပေါက်စ၊ ဘလော်ဂါ၊ ယောင်ချာချာများကို လှိမ့်၍မရဟူလို။

၁၇၊ စက်တင်ဘာ၊ ၂၀၀၇



Advertisements

Leave a comment

Filed under Dialogue, Knowledge, Perspective

Comments are closed.