Groom Nga Tar and All-rounder

မြင်းထိန်းငတာနဲ့ စွယ်စုံရ ဖြစ်နေလျှင်

(၁)

မြန်မာပြည်မှာ အုတ်ရောရော ကျောက်ရောရော ဖြစ်နေတယ်။ လိုင်းမပြတ်ဘူး။ အစိုးရဘက်ကရော အတိုက်အခံဘက်ကရော ကိုယ်ဘာလဲနဲ့ ကိုယ်ဘာလုပ်နေလဲကို လိုင်းမပြတ်ဘူး။

(၂)

၁၀ တန်းအောင်ပြီး ပန်းချီအဖွဲ့ထဲမှာ ပန်းချီသမားလုပ်တယ်။ ပန်းချီသမားတယောက်အနေနဲ့ အကောင်းဆုံးဖန်တီးပြီးသား ကြော်ငြာအပေါ်မှာ “ဒီစာလုံးလေးကို ကြီးလိုက်ဦး” “ဒီအသတ်ကလေးကို ကော့ပြီး ထောင်ပေးပါ” “ဒီအရောင်ကို ဒီအရောင်နဲ့ စပ်ပေး” … ဒီလို ခိုင်းတာတွေ ကြုံရတယ်။

တကယ်က သူတို့ပြောတဲ့ စာလုံးဆိုဒ်တို့၊ အသတ်ကို ကွန့်တာတို့၊ အရောင်တို့က အကုန်ကန့်လန့်တွေချည်းပဲ။ ဥပမာ အရောင်တွေမှာ တွဲမသုံးရတာတွေ ရှိတယ်၊ အဲဒါလည်းနားမလည်ဘူး ပြောင်းခိုင်းတာပဲ။

ဘာသွားတွေ့လဲဆိုတာ့ ငါက ငွေပေးအပ်တာဆိုတဲ့ တလွဲညဉ်ကို သွားတွေ့တယ်။ ကိုယ်က ဒီအလုပ်ကို ပရော်ဖက်ရှင်နယ် လုပ်စားတာဖြစ်တယ်။ သူ့ထက်ပိုသိတယ်ဆိုတာကို သူနားမလည်ဘူး။ သူနှမ်းဖြူးလိုက်ရမှကောင်းမှာ၊ သူက ပိုက်ဆံပေးထားတာ ဆိုတာမျိုးတွေးတယ်။

ရလဒ်အနေနဲ့ ဆိုင်းဘုတ်က ပန်းချီသမားအချင်းချင်းမြင်ရင် ရယ်ချင်စရာ ထွက်လာတယ်။ ကျုပ်တို့ ပန်းချီအဖွဲ့က ထိုးထားတဲ့ဆိုင်းကို အသာကလေး ပြန်ဖျက်လိုက်တယ်။

(၃)

ဒီဥပမာမျိုး နယ်ပယ်အသီးသီးမှာ တွေ့ရတယ်။ အထူးသဖြင့် စစ်အစိုးရလက်ထက်မှာ ပိုလိုတောင် ထွန်းကားသေးတယ်။ ငါ စစ်ဗိုလ်၊ ငါအကုန်သိတယ် ဆိုတာမျိုး …။ လွဲမှားတဲ့ ညဉ်တွေကို မွေးထားတယ်။

ရလဒ်က ပညာရှင်တွေ အဝေးထွက်သွားတယ်။ သွားခွင့်မသာသူတွေက ဒုတိယတန်းစားတွေ ဖြစ်ကုန်တယ်။

အဲဒီမတတ်တဲ့သူတွေက အပေါ်ကနေပြီး ဒီနေရာ ဒီအပင်စိုက်၊ ဒီမြစ်ကို ပိတ်ပြီး ဒီဆည်ဆောက်၊ မြေပုံကြည့်၊ အဝေးကနေ မှန်ပြောင်းနဲ့ ကြည့်ပြီး လျှောက်ပြော၊ ပညာရှင်ကလည်း ပြန်မပြောရဲဘူး။ အဲဒီတော့ ခုမြင်ရတဲ့ သောက်တလွဲတွေ ထွက်လာတယ်။

တနေ့ကပဲ ဖတ်လိုက်ရသေးတယ်။ စီမံကိန်းတော်တော်များများဟာ နောင်အကျိုးဆက်ကို သေချာမလေ့လာဘဲ အကောင်အထည် ဖော်မိလျက်သား ဖြစ်နေပါတယ်တဲ့။ တင်နေတဲ့ အကြွေးကလည်း သန်းပေါင်းများစွာ …။

“အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင်၊ နောက်ပြင်ရန် ခက်သည့်အမျိုး” လို့ ရှေးစကားရှိတယ်။ ဒါပေမယ့် အိမ်ထောင်မှုက အခု ကွာရ ကွဲရ တယ်လွယ်တာကလား၊ ဘုရားတည်လဲ အုတ်ပုံဖြစ်ရင် ဖြစ်သွားတတ်တယ်၊ ဆေးမင်က ဒစ်ဂျစ်တယ်နဲ့ ဖျက်လို့ရတဲ့ခေတ် ရောက်နေပြီ။ အဲဒီတော့ “မစီမံနိုင် အာဏာသိမ်း၊ စီမံကိန်း စုတ်ချာ၊ ဤသုံးချက် အမွေပါသည်၊ သေတာတောင် ဆပ်ကြပါဦး” လို့ ပြောင်းရမှာပါပဲ။

(၄)

အခု မြန်မာ့အရေးက တိမ်တောင်သဖွယ် မှင်ရေးကျယ်နေတယ်။ ခက်တာက ပြောတိုင်းပြီး တီးတိုင်းမြည်တဲ့ နေရာမှာ ရှိနေတဲ့လူတွေက ကိုယ်စီးတဲ့ဖိနပ် ကိုယ်မသိတာတွေ မြင်နေရတယ်။ ကိုယ်ရောက်တဲ့နေရာ ကိုယ် မသိဖြစ်နေတယ်။ ကိုယ့် ပရော်ဖက်ရှင်နယ်၊ ရပ်တည်ထားမှုက အဓိက၊ တခြားကိစ္စ သာမညရယ်လို့ အဓိက-သာမည ကွဲပြားမှု မရှိဘူး၊ ရှိတာကိုလည်း မသိဘူး။ ကဏ္ဍနယ်ပယ် အရေးရေးမှာ ကိုယ်တိုင်ပဲ စပယ်ရှယ်လိုက်ဇ်နေသလို ထင်ရာထင်ရာပြော၊ ပွဲဆူကြ၊ အကြည်ညို ပျက်ကြနဲ့ ဖြစ်နေကြတာတွေ့ရတယ်။

ရလဒ်က ငါ့ကို အထင်လွဲကြတယ်၊ ငါမှာ ပေးဆပ်ထားရတယ်လို့ တဖက်က ထင်။ တဖက်ကလည်း ဒါလေး လုပ်ခဲ့တာနဲ့၊ ဒီလောက် ခံခဲ့ရတာနဲ့ နတ်ရေကန်က ထလာသလိုပဲလို့ ကဲ့ရဲ့ပြစ်တင်။ အဲသလိုတွေ လုံးချာလည်လာတယ်။

(၅)

ဒီနေရာတွေမှာ ငါရဲ့ အသံဟာ အာဏာပိုင်တယ်၊ ဒီနေရာမှာတော့ ငါဟာ မသိတာကို ဝန်ခံ၊ သိသလောက်ကို ပြောမယ်ဆိုတာမျိုးက ကျင့်ကြံဖို့တော့ မလွယ်တာ အမှန်။ ဒါတွေက နိုင်ငံတခုရဲ့ ပညာရေး၊ အဲဒီပညာရေးကို မွေးထုတ်တဲ့ အာဏာပိုင်၊ အဲဒီ အာဏာပိုင်တွေရဲ့ တလွဲအမူအကျင့် စသည်ဖြင့် ဂျာအေး သူ့အမေရိုက်သွားတာပဲ။

(၆)

ခုလို ထပြောတော့ “သင်ကာ” မင်းရောလို့ မေးမယ်။ ဟုတ်တယ် မသိခင်သေးအထိ ကိုယ့်ကိုယ်ကိုယ် စေတနာဝန်ထမ်း ကျောင်းဆရာလိုလို၊ လူမျိုးရေးအဓိကရုဏ်းမှာပဲ ဆော်သြသလိုလို၊ ဟိုဟိုဒီဒီ တော်လှန်ရေးမှာပဲ နောက်ကွယ်က အရေးကြီးနေသလိုလို၊ စွယ်စုံကျမ်းပရောဂျက်မှာပဲ အရေးပါသလိုလို၊ တော်လှန်ရေး ဘလော်ဂါ လိုလို၊ သတင်းသမားလိုလို …။ အဲဒီလိုလိုတွေနဲ့ပဲ အတော် အချိန်ကုန်ခဲ့တာ တွေ့ရတယ်။

ဒါပေမယ့် ကိုယ့်ကိုယ်အသိဝင်စေမယ့် ပတ်ဝန်းကျင်တခုကို သွားတွေ့မိ၊ မြင်မိ၊ ဆက်ဆံမိတယ်။ တဖြည်းဖြည်း သဘောပေါက်လာတယ်။ ငါဟာ ဘာကို အဓိက ဘာကို သာမည ထားမလဲ၊ ခွဲသင့်တာ နားလည်သွားတယ်။ တတ်ယောင်ကား သောက်ကျင့်လည်း အတော် ပျောက်သွားတယ်။

ငါ့အဓိကမှာ ငါ ဘာတွေ အားထုတ်ဖို့ လိုပါသေးသလားဆိုတာတွေလည်း မြင်လာတယ်။ ငါဟာ ဘောင်ဘင်ခတ်ခဲ့တယ်လို့ ရှက်လာတယ်။

(၇)

ဒူးနေရာဒူး တော်နေရာတော်၊ ပရော်ဖက်ရှင်နယ်လိုက်ဇေးရှင်း၊ အဓိက သာမည၊ ကျွမ်းကျင်လိမ္မာရာ ဆိုတာတွေကို သေချာစဉ်းစားသင့်ပါတယ်။

မဟုတ်ရင် “မြင်းထိန်းငတာ” တွေ ဆက်ပြီး မြင်ရဖို့ ရှိပါတယ်။

ရေနည်းနည်းကူးတတ်၊ နည်းနည်းပျံတတ်၊ ကုန်းပေါ်လည်း လမ်းနည်းနည်းလျှောက်တတ်တဲ့ “ဘဲ” လို ကျင့်နေမိသလား ဆိုတာ ကိုယ့်ဖာသာ သုံးသပ်နိုင်ရင် ကိုယ့်နောက်က လူတွေအတွက်လည်း ကောင်းဖို့ပါပဲ။

ဒီမိုကရေစီ လသားနုနု မြန်မာ့နိုင်ငံရေးမှာ စွယ်စုံရဆိုရင်တော့ စစ်အစိုးရ ဗိုလ်ချုပ်-ဝန်မင်း-ညွှန်ကြားရေးမှူး-ဘာအဖွဲ့ ညာအဖွဲ့ ကော်မတီ-နာယက-ဥက္ကဌတွေလိုပဲ အဝတ်ပဲလဲပြီး လူမလဲတာတွေ ထွက်လာလိမ့်မလား စောကြောမိပါတယ်။

သင်ကာ

ဂျာနယ်လစ်

၉ ဖေဖော်ဝါရီ၊ ၂၀၁၂

ဘီယာတလုံးနှင့် ဝီစကီ ၃ ပက် သောက်ပြီးချိန်

ဇင်းမယ်မြို့၊ ထိုင်းနိုင်ငံ

Facebook: မြင်းထိန်းငတာနဲ့ စွယ်စုံရ ဖြစ်နေလျှင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s