မတော်တဆ ထိခိုက်ပျက်စီးသွားသော ထိပ်တန်းအနုပညာ ၁၀
(၁) စုတ်ပြဲသွားသော ပီကာဆိုရဲ့ “သဘင်သည်” ပန်းချီကား
ပုံစာ – သဘင်သည် ပန်းချီကား၊ နယူးယောက် မက်ထရိုပိုလီတန် အနုပညာပြတိုက်/
ဓာတ်ပုံ – အေပီ
၂၀၁၀ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နယူးယောက် မက်ထရိုပိုလီတန် အနုပညာပြတိုက်ကို လာကြည့်သူ အမျိုးသမီးတဦး မတော်တဆ ချော်လဲလို့ ပါဘလို ပီကာဆိုရဲ့ ၁၀၅ နှစ်လောက်သက်တမ်းရှိတဲ့ သဘင်သည် (The Actor) အမည်ရှိ ပန်းချီကားဟာ စုတ်ပြဲသွားပါတယ်။ အကျယ် ၄ ပေ၊ အမြင့် ၆ ပေရှိတဲ့ ပန်းချီကားရဲ့ ကင်းဗတ်စပေါ်မှာ ၆ လက်မလောက် စုတ်သွားတာဖြစ်ပါတယ်။ ဒီသဘင်သည် ပန်းချီကားဟာ အမေရိကန်ဒေါ်လာ သန်း ၁၃၀ တန်မယ်လို့ တန်ဖိုးဖြတ်ကြပါတယ်။ ပြတိုက်တာဝန်ရှိသူတွေကတော့ ပြန်ပြင်လို့ ရနိုင်ကောင်းတယ်လို့ မျှော်လင့်ထားကြပါတယ်။
(၂) ကံဆိုးသော ပန်းချီဆရာမ
ပုံစာ – ၂၀၀၈ ခုနှစ် ရီဂျင့် ပတ်ခ်မှာ ပြုလုပ်တဲ့ ဖရိဇ် ပန်းချီပြပွဲမှာ သူ့အနုပညာလက်ရာတခုနဲ့ တွေ့ရတဲ့ ထရေစီ အီမင်/ဓာတ်ပုံ – ဒေဗီ အမ် ဘင်းနက်၊ ဂက်တီ
ဗြိတိသျှ ပန်းချီဆရာမ ထရေစီ အီမင် (Tracey Emin) ဟာ ကံဆိုးတဲ့ ပန်းချီဆရာမလို့ ပြောရမလားမသိပါ။ အီဒင်ဘာ့ဂ်မော်ဒန်ပန်းချီပြခန်းက ဆူးပါတဲ့ ဝိုင်ယာကြိုးတွေနဲ့ ဖန်တီးထားတဲ့ ကိုယ်ရေးပုံတူ-ရေချိုးစဉ် (Self Portrait: Bath) ပန်းချီလက်ရာဟာ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တဦးရဲ့ အဝတ်အစားနဲ့ ငြိပြီးပျက်စီးသွားလို့ ပြန်ပြုပြင်ရတာ ဒေါ်လာ ၂ ထောင်လောက် ကုန်ကျပါတယ်။ အဲဒီပြခန်းမှာပဲ တခြားအနုပညာလက်ရာ တခုဖြစ်တဲ့ ပဋိသန္ဓေခံစားချက် ၃ (Feeling Pregnant III) ဟာလည်း ပရိသတ်တဦး ဝင်တိုက်လို့ ပျက်စီးသွားပြန်ပါတယ်။
စကော့တလန် အမျိုးသားပြတိုက်မှာရှိတဲ့ အီမင်ရဲ့ ကျမရဲ့ဦးလေး ကောလင်း (My Uncle Colin) ပန်းချီကားဟာလည်း ဝန်ထမ်းတဦးကြောင့် ပျက်စီးခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ပြန်လည် ပြုပြင်ထိမ်းသိမ်းလို့ ရသွားပါတယ်။
တာနာ ဆု (Turner Prize) အတွက် စာရင်းဝင်ဖူးတဲ့ ပန်းချီဆရာမရဲ့ ကံဆိုးမှုက ဒါတွေတင် မကသေးပါဘူး။ ၂၀၀၄ ခုနှစ်မေလမှာ အိမ်မီးလောင်လို့ သူ့ရဲ့ ပန်းချီကားတွေ အများအပြား ပျက်စီးခဲ့ရပါသေးတယ်။ အဲဒီထဲမှာ အပွင့်ထိုး အမိုးအကာပုံစံနဲ့ ဖန်တီးထားတဲ့ သူ့ရဲ့ နာမည်ကြီးလက်ရာ ၁၉၆၃-၉၅ မှာ ကျမနဲ့ အိပ်ဖူးသူများ (Everyone I have Ever Slept With 1963-95) ဟာလည်း မီးထဲပါသွားပါတယ်။
(၃) လွှင့်ပစ်ဖို့မဟုတ်
ပုံစာ – ဂျာမန် ပါဖောမန့်ဆရာ ဂုစတေ့ဗ် မက်ဇဂါ/ဓာတ်ပုံ – ကီးစတုန်း၊
ဟူလ်တန် အားခိုက်ဗ်၊ ဂက်တီ
ဂျာမန်ပန်းချီဆရာ ဂုစတေ့ဗ် မက်ဇဂါ (Gustav Metzger) ရဲ့ အနုပညာလက်ရာဟာ တိုက်ရိုက်ပြောရရင် အမှိုက် ဖြစ်သွားရပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက တိတ် ဗြိတိန် (Tate Britain) မှာ ပြသထားတဲ့ အလိုအလျောက်-ဖွဲ့စည်းမှုဖျက် အနုပညာ ပြန်လည်ဆန်းသစ်မှု ပထမဆုံး သရုပ်ပြပွဲ (Recreation of First Public Demonstration of Auto-Destructive Art) အင်စတော်လေးရှင်း တပ်ဆင်မှုပြကွက်က အစိတ်အပိုင်းတချို့ ပြတိုက်ဝန်ထမ်းတယောက်ရဲ့ မတော်တဆ လွှင့်ပစ်လိုက်မှုကို ခံလိုက်ရတာကြောင့် ဖြစ်ပါတယ်။ အင်စတော်လေးရှင်း တပ်ဆင်မှုပြကွက် အနီး အမှိုက်အိတ်ဟာ ပြကွက်ရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်ဆိုတာကို ပြတိုက်ဝန်ထမ်းခမျာ မသိရှာပါဘူး။ ဒီအမှိုက်အိတ်ကို ပြန်တွေ့တဲ့အခါမှာ အိတ်က အတော် ဖရိုဖရဲဖြစ်နေပြီ။ ဒါနဲ့ မက်ဇဂါလည်း အစားထိုးဖို့ နောက် အမှိုက်အိတ်တအိတ် ထပ်ဖန်တီးရပြန်ပါတယ်။
အမှိုက်နဲ့ မှားပြီး လွှင့်ပစ်ခံရတဲ့ ကိစ္စဟာ မက်ဇဂါ တယောက်တည်း ကြုံဖူးတာ မဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ်တုန်းကလည်း လန်ဒန်က အိုင်းစ်စထရွမ်း (Eyestrom) ပန်းချီပြခန်းမှာ ဒါမီယန် ဟရစ် (Damien Hirst) က အနုပညာသမားတယောက်ရဲ့ ဘဝဖြစ်စဉ်ကို သရုပ်ပြဖို့ စုထားတဲ့ ဘီယာဗူးခွံ၊ ဆေးလိပ်ပြာခွက်နဲ့ ကော်ဖီခွက်ပေါင်းများစွာကို ပြခန်းအစောင့်က အမှိုက်ဆိုပြီး လွှင့်ပစ်တာ ကြုံရဖူးပါတယ်။ ၁၉၈၀ ခုနှစ် ဝန်းကျင်တုန်းကလည်း ဂျိုးဇက် ဘိုင်းစ် (Joseph Beuys) က ပြသဖို့ ပြခန်းမှာ ချထားတဲ့ ညစ်ပတ်နေတဲ့ ရေချိုးကန်တခုကို သန့်ရှင်းရေးဝန်ထမ်းတဦးက ပြချီပြခန်းအလယ်မှာ ဘယ်သူရေချိုးသွားပါလိမ့် ဆိုပြီး သန့်ရှင်းရေး လုပ်ပေးသွားဖူးပါတယ်။
(၄) ခလုတ်တိုက်လို့ ကျကွဲ
ပုံစာ – ဓာတ်ပုံ – ပီအေ၊ အေပီ
အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ချ်က ဖရစ်ဇ်ဝီလျံပြတိုက်မှာ လူတယောက် ခလုတ်တချက်တိုက်လိုက်မှုကြောင့် အလှပြဘီရိုကြီး ပြိုလဲပြီး အနှစ် ၃၀၀ သက်တမ်းရှိတဲ့ တရုတ်ပန်းအိုးကြီး ၃ လုံး ကျကွဲပြီး စတစီဖြစ်သွားပါတယ်။ အဲဒီအနုစိတ် အလှဖော် ကြွေပန်းအိုးကြီး ၃ လုံးဟာ ၁၇ ရာစု ကွင်မင်းဆက်လက်လက်က ပန်းအိုးကြီးတွေဖြစ်ပြီး ပြတိုက်ရဲ့ တန်ဖိုးအကြီးဆုံးသော ပစ္စည်းတွေထဲမှာ ပါဝင်ပါတယ်။ ခလုတ်တိုက်လဲတဲ့လူကတော့ ဘာမှ ထိခိုက်ဒဏ်ရာ မရပေမယ့် ပြတိုက်တာဝန်ရှိသူတွေဟာ ပန်းအိုးအစအနတွေကို တခုစီပြန်ကောက်ပြီး ဆက်ရတာ ၆ လ ကြာပါတယ်။ အခုတော့ အထူးပြလုပ်ထားတဲ့ ဗီရိုထဲထည့်ပြီး ပြန်လည်ပြသထားပါပြီ။
(၅) လူစီယန် ဖရောက်ဒ်ရဲ့ ဒေါ်လာ ၁ သိန်းခွဲတန် ပန်းချီကား မတော်တဆမှု
ပုံစာ – လူစီယန် ဖရောက်ဒ်/ဓာတ်ပုံ – စကော့ ဝင်ထရို၊ ဂက်တီ
ပန်းချီဆရာ လူစီယန် ဖရောက်ဒ် (စိတ်ပညာရှင် ဆစ်ဂမန် ဖရောက်ဒ်ရဲ့ မြေး) ရေးဆွဲတဲ့ ပန်းချီကားတချပ်ဟာ ၂၀၀၀ ပြည့်နှစ်မှာ မတော်တဆ ဖျက်ဆီးခံလိုက်ရပါတယ်။ လန်ဒန်က လေလံရုံဖြစ်တဲ့ ဆွတ်သီဘိုင် (Sotheby) က ပစ္စည်းသယ် ဝန်ထမ်းတွေဟာ ခန့်မှန်းခြေတန်ဖိုး ဒေါ်လာ ၁ သိန်း ၅ သောင်း ၇ ထောင်လောက်တန်တဲ့ ပန်းချီကားပါ ပုံးတပုံးကို ပုံးလွတ်ထင်ပြီး အမှိုက်ခြေတဲ့စက်ထဲ ထည့်ပစ်လိုက်ကြပါတယ်။
Source: Time
(ဆက်လက် ဖော်ပြပါမည်)






Internet Text Archive




