(၁)
၂၀ဝ၄ ဝန်းကျင်မှာ လစ်ဗင်းကာလာ ခေါ် LC မဂ္ဂဇင်းရုံးခန်းကို မကြာခဏ ကျနော် ရောက်ဖြစ်နေတယ်။ အဲဒီတုန်းက သူမရှိဘူး၊ ယေးလ်ကို ဖဲလိုးရှစ်သွားနေတယ်။ အယ်ချုပ် ကိုကျော်မင်းဆွေကို အကြောင်းပြုပြီး ရောက်ရောက်နေမိတာ။ အောင်ကျော်စိုးနဲ့ ကျနော်နဲ့ နှစ်ယောက်ပေါ့။
(၂)
၂၀ဝ၅ မှာတော့ မဂ္ဂဇင်းကို အလည်အဖြစ်နဲ့ မဟုတ်တော့ဘူး၊ အယ်ဒီတာအဖြစ် ကျနော် ရောက်သွားပြီ။ ခါးသီးကျပ်တည်းတဲ့ အလုပ်ပတ်ဝန်းကျင်မှာ ဖြတ်သန်းခဲ့ရတဲ့ ကျနော့်အဖို့ LC ဟာ နွေးထွေးတဲ့၊ အဆင့်အတန်းရှိစွာ နေရာပေးခံရတဲ့၊ အနာဂတ်အတွက် ပုံသွန်းလောင်းပေးခြင်း ခံရတဲ့ ဘုရားသခင်ပေးသော နေရာပါပဲ။
စာတွေ အများကြီးဖတ်ဖြစ်တယ်။ သူက အတွေးအခေါ်ကအစ၊ လူမှုဆက်ဆံရေးအဆုံး အားလုံးမျှဝေ သင်ပြတယ်။ “မင်း” “ငါ” နင်ပဲ ငဆ တခါမှ မပြောဖူးဘူး။ မကျေနပ်ရင် ဒဲ့ပြောလေ့ရှိတယ်။
(၃)
သူပြောဖူးတာတွေမှာ မှတ်မှတ်ရရ ရှိတယ်။ တနေ့ သီတင်းကျွတ်လား ဘာလား မမှတ်မိတော့။ ရုံးကစုပြီး ဂါရဝေါစ နိဝါတောစပေါ့။ အယ်ဒီတာမတွေ တနှစ်ပြီးတနှစ် ကလေးတွေသာမွေးတယ်၊ အရည်အချင်းကျ ဘာမှ တက်မလာဘူးဆိုပြီး သြဝါဒကြမ်းကြမ်း ပေးတတ်တယ်။
စာမဖတ်ရင်လည်း ဆူပူလေ့ရှိတယ်။ သူကိုယ်တိုင်လည်း ထွက်သမျှ ကမ္ဘာကျော်စာအုပ် သွားလေရာ ဆောင်ပြီး ဖတ်တယ်။ ဖတ်ရုံမက အယ်ဒီတာအဖွဲ့ဝင်တွေကိုလည်း ရုံးစရိတ်နဲ့ ကော်ပီကူးပြီး ဖတ်စေတယ်။ တချို့စာအုပ်တွေကို ဆရာကျော်ဝင်းကိုလည်း ပေးလေ့ရှိတယ်။ နောက်တော့ ဆရာကျော်ဝင်းရဲ့ ဘာသာပြန်တွေ အဖြစ် ထွက်လာတယ်။
ဆရာကျော်ဝင်းက ဖရန်စစ်ဖူကူယားမားရဲ့ စာတမ်းတစောင် ရုံးမှာအကူအညီတောင်းလို့ ရှာပေးရတာ မှတ်မိသေးတယ်။
စစ်အစိုးရက ပိတ်ပင်ထားတဲ့ စာအုပ်တွေ တော်တော်များများ ရုံးစာအုပ်ဗီရိုထဲမှာရှိတယ်။ ဖတ်ခဲ့ရတာ တထောပဲ။ အဲဒီတုန်းက နေသန်မောင် ဘာသာပြန်တဲ့ စာနယ်ဇင်းလက်စွဲ အကျဉ်းချုပ် ဘာသာပြန်လေးလည်း တွေ့တယ်။ မိတ္တူကိုစာအုပ် လုပ်ထားတာပေါ့။
(၄)
“ပညာသင်ဆုတွေ ပေးနေတယ်။ မြန်မာတွေ မရတာ နှမျှောဖို့ကောင်းတယ်။ ခင်ဗျားတို့ သွားကြပါ။ ခင်ဗျားတို့ မသွားရင် ကျနော် သွားမယ်” လို့ တိုက်တွန်းဖူးတယ်။
ရုံးက အလုပ်တဖက်နဲ့ ကျောင်းတက်ဖို့ ကြိုးစားခွင့် အပြည့်ရကြတယ်။ အသုံးချ စီပွားပညာဌာန (လှိုင်ကောလိပ်)၊ ကယ်လီဖိုးနီးယားတက္ကသိုလ် (ဘာကလေ)၊ ချင်းမိုင်တက္ကသိုလ်၊ ချူလာလောင်ကွန်း တက္ကသိုလ်၊ ဒိန်းမတ်၊ ဟောင်ကောင်၊ ဂျာမနီက တက္ကသိုလ်တွေမှာ အယ်ဒီတာတွေ ပညာသင် ထွက်ကြတယ်။
ပြန်မလာသူမလာ၊ ဒေါက်တာဘွဲ့ သွားသူသွား။ မျိုးဆက်တခုကိုတော့ သူ့အလုပ် အပဲ့ခံပြီး သူတတ်နိုင်တာ ထူထောင်ခဲ့တယ်။
ဒါပေမယ့် သူချခဲ့တဲ့ မျိုးစေ့ အချည်းနှီး မဖြစ်တန်ရာ။
(၅)
သူဆေးကျောင်းပြီးစ ဟောက်ဆာဂျင် ဆင်းနေတော့ တနေ့မှာ ပုခုံးပေါ်က ဂျူတီကုတ်က ဆေးရုံက အဆင်း ပြုတ်ကျတယ်။ သူကုန်းကောက်မယ် လုပ်တုန်း ဆေးရုံစောင့်က ကမန်းကတန်း ကောက်ပေးတယ်။ သူက စဉ်းစားပြီး ဂျူတီကုတ်ကို အစောင့်ကို ပေးခဲ့ပြီး ထွက်လာခဲ့တယ်။
အဲဒီကတည်းက ငါ ဆရာဝန် မဖြစ်သင့်ဘူးထင်တယ်လို့ သူ ပြောခဲ့တယ်။ ဆရာဝန်ဘဝကို ကျောခိုင်းခဲ့တယ်။ အခု သူခုံမင်တဲ့ နောက် လောက တခုမကကို ကျောခိုင်းသွားပြီ။
(၆)
၂၀၀၇ မှာ သူ့ရုံးခန်းထဲ တွေ့ကြတယ်။ ဘဏ်တွေရဲ့ လည်ပတ်ပုံနဲ့ မြန်မာပြည်မှာ လွဲချော်နေပုံတွေ သူက ဘုတ်မှာရေးရင်း ရှင်းပြတယ်။ အင်ဖရာစထရက်ရှာတွေဟာ အချိန်ယူရမယ်လို့ ကျနော်ကငြင်းတော့ ခင်ဗျားပြန်ပြောတာ ကြိုက်တယ်လို့ သူပြောတယ်။ ကိုယ်ကလည်း ဖွံ့ဖြိုးရေးစာအုပ်အငွေ့တွေနဲ့ ထင်တလုံးဖြစ်ကာစ …။
မကြာခင် လူမှုပေါက်ကွဲမှုတွေ ဖြစ်လိမ့်မယ် ကြည့်နေ၊ အထူးသဖြင့် နိုင်ငံတကာနှုန်းနဲ့ ယှဉ်ရင် တလွဲတချော်ဖြစ်နေတဲ့ လောင်စာဆီစျေးနှုန်းလိုမျိုးလို့ သူ ပြောခဲ့တယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်းရေးကို သိပ်မကြာခင် ကျနော်တို့ မြင်လိုက်ရတယ်။
(၇)
၂၀၀၈ မှာ နာဂစ်ကူညီရေး မြန်မာပြည်ပြန်တယ်။ သူနဲ့ မတွေ့ဖြစ်တော့ဘူး။
(၈)
ကျနော်တို့ကို ပညာတော်သင်အများအပြားလွှတ်ခဲ့တာဟာ တစိတ်တပိုင်းအားဖြင့် အီးဂရက်စ် အတွက် ဖြစ်တယ်။ တော်တော်များများ တာဝန်ကြေကြတယ်။ ဒါပေမယ့် ကျနော် မပြန်ဖြစ်ခဲ့ဘူး။ ရွေးကောက်ပွဲကာလမှာ အယူအဆ မတူမျှတာတွေ ဖြစ်လာတယ်။
အရင်လို ဘန်ကောက်ရောက်ရင် ဟေ့ … ကျနော့်ဖုန်းအကောင့်ထဲ ၁၀၀ ဖိုးလောက် ထည့်ပေးပါဗျာ။ လေယာဉ်စောင့်ရင်း ဖုန်းပြောချင်လို့ပါ ဆိုတဲ့ အီးမေးလ်တွေ သူမပို့တော့ဘူး။
(၉)
ဟိုစဉ် LC မှာ လုပ်တုန်းက ကျနော်က တကိုယ်ရည်သမားဆိုတော့ အင်တာနက်ရှိရာ ရုံးမှာလည်း အိပ်ချင် အိပ်တတ်တယ်။ တညမှာ မူးမူးနဲ့ ရည်းစားဆီ မေးလ်ပို့တော့ N ချင်းမှားပြီး ရည်းစားအတွက်စာက သူ့ဆီရောက်သွားတယ်။
သူက ကျနော် ရှက်မှာစိုးလို့ ထင်ရဲ့၊ သူကတိုက်ရိုက်မပြောဘူး၊ အယ်ချုပ်ကတဆင့် ပြောခိုင်းတယ်၊ သေချာလည်း မေးလ်ကို ပို့ပါဦးတဲ့။
(၁၀)
မြန်မာပြည်ပြန်ရင် ဆရာနေ့ကို ဘာပြောရပါ့လို့ ကြံဖန် စိတ်အိုက်ဖူးတယ်။
“မိန်းမရပြီးရင် ယောက္ခမအိမ်မှာ နေရတာ မကောင်းဘူး” လို့ ရည်းစားများတဲ့ကျနော့်ကို သူ့ရုံးခန်းထဲခေါ်ပြီး ကြံကြံဖန်ဖန် အကြံပေးဖူးတယ်။
သူက ပုဆိုးစွန်တောင်ဆွဲ၊ သောမတ် ဖရစ်မင်းရဲ့ စာအုပ် ချိုင်းကြားညှပ်၊ ရုံးထဲ ဆောင့်ဝင်လာပြီး ခေါင်းမာတဲ့ ဗိုလ်ချုပ်တွေကို တစ်တစ်ခွခွ ဆဲလေ့ရှိတယ်။
တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးအတွက် ဗိုလ်ချုပ်ကြီးတွေက သူ့အကြံပြုချက် မဖတ်မှာစိုးလို့ အသံသွင်းပြီး ပေးဖို့ ကြိုးစားဖူးတယ်။
ဂျင်းဘောင်းဘီ အရောင်လွင့်၊ ဆံပင်ရှည်၊ ဘိုသီဘတ်သီနဲ့ အရက်မူးနေတတ်တဲ့ ကျနော့်ကို သူက အယ်ဒီတာ့အာဘော် ရေးခိုင်းဖူးတယ်။
သူက လေထန်ကုန်းကို မကြိုက်ဘူး။ ကိုခင်ဝမ်းဟာ နိုင်ငံတော်အလံကို ဒီဇိုင်းအသစ်ဆွဲဖို့ ဆန္ဒရှိခဲ့တယ်လို့လည်း ပြောတတ်တယ်။
သတင်းအစည်းအဝေးတွေမှာ သူရှိရင် လူငယ်သတင်းထောက်၊ အယ်ဒီတာတွေ ပြောချင်တာ မပြောရဲမှာစိုးလို့ ခပ်ဝေးဝေးသွား ဆေးလိပ်သောက်နေတတ်တယ်။
(၁၁)
နှစ်သစ်ကူးပြီ။ လူကလည်း ထွေလာတယ်၊ မအိပ်ချင်သေး။ ဒါနဲ့ အွန်လိုင်း တက်လာတယ်။
ဒေါက်တာ နေဝင်းမောင် ဆုံးပြီတဲ့။ နောက်နေတယ်လို့ ထင်မိတယ်။
အလဲဗင်းက ဝမ်းနည်းကြောင်း၊ ပြီးတော့ မြစ်မခ၊ ပြီးတော့ ဆဲဗင်းဒေး … ဖေ့စ်ဘုတ်မှာ အစီအရီ တွေ့တော့ တကယ်ဆုံးပြီလို့ သိလိုက်တယ်။
မျက်ရည်က ကျလာတယ်။
(၁၂)
ကျေးဇူးဆိုတာ မမေ့စကောင်းဘူး။ သူအားပေးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖူးတယ်။ သူတိုက်တွန်းလို့ ဘွဲ့လွန်ပညာလည်း သင်ဖြစ်ခဲ့တယ်။ သူဟာ ဖုန်းကို ဘယ်လို ဖြေသင့်တယ်၊ နာမ်စားဘယ်လို သုံးသင့်တယ်ကအစ ရေနည်းငါး ကျနော်တို့ကို သင်တာ မဟုတ်ဘဲ၊ သူ့အယူအဆကို မျှခဲ့တယ်။
သူဟာ လူငယ်တွေကို ဖြစ်စေချင်တဲ့ စေတနာ တအားသန်တယ်။ ခေတ်ကို ကြိုပြီးမြင်လွန်းရာကျတယ်။ သူ့လို မြင်တတ်သူတွေအများကြီးဟာ အာစေးထည့်ထားပေမယ့် သူက အမိုက်ခံပြောတယ်။ ဒီလိုစိတ်ဆန္ဒဇောတွေကို ဆေးလိပ်နဲ့ ထောက်ကူတယ်။ နောက်ဆုံးတော့ အဲဒီနှစ်ခုကပဲ သူ့ကို သတ်သွားတယ်။
သူကိုယ်တိုင် ဆေးရုံကို ကားမောင်းသွားတယ်။ မရတော့လို့ ရန်ကုန်ဆေးရုံကြီးကိုပို့တယ်။ နောက်ဆုံးရေတခွက် တိုက်တယ်။ မရဘူး ပြန်အန်ထွက်တယ်။ အသက်လည်း ပါသွားတယ်။ သူငယ်ချင်းကို မေးတယ်၊ သူဘာပြောသွားသေးလဲ လို့ … ဘာမှ မပြောနိုင်ရှာတော့ပါဘူးတဲ့။
(၁၃)
ကျနော့်ဘေးနားက ဖြတ်သွားတဲ့ ခေတ်တခေတ် ဒီနေရာမှာ ပြီးတယ်။
သင်ကာ
(ဒေါက်တာ နေဝင်းမောင် (၁၉၆၂-၂၀၁၂) အတွက် အမှတ်တရ)






Internet Text Archive

ကိုသင်ကာ ၊ လာဖတ်သွားတယ်။ မျှဝေပြီးတော့လဲ ခံစားသွားတယ်။ ကျနော့် အမလဲ ကျနော် တိုက်တွန်းလို့ သူ့တပည့် ဖြစ်ခဲ့ဖူးတယ်။
ကျနော် ဆ၇ာ့၇ဲ့ ကောင်းသတင်းတွေ ကို ကြားရလို့ နိုင်ငံသားတစ်ဦးအနေနဲ့ဝမ်းသာမိပါတယ်။ကျနော်တို့ မြန်မာနိုင်ငံအတွက် စီးပွားရေးနဲ့ ပတ်သက်တဲ့ပညာတွေကို လေ့လာမျှဝေပေးခဲ့တဲ့ ဆရာတစ်ယောက် ကောင်းရာသုဂတိ မှာပျော်ရွှင်ချမ်းမြေ့ပါစေလို့ ကျနော်နဲ့ KMD (မြေနီကုန်း)မှ ABE ကျောင်းသားကျောင်းသူများက ဆုမွန်ကောင်းတောင်းပေးပါတယ်ဆရာ
သာဓု သာဓု သာဓု
ခုလဲနိုင်ငံကိုစိတိပူစွာ နဲ့ 2012 ဟောကိန်းဆို တာကိုရေးပြီး LC ကို စွန့်ခွာသွားလေရဲ့
ကိုသင်ကာ ကျေးဇူးဗျာ။ အခုမှ သေချာလာဖတ်တာ။ မြန်မာနိုင်ငံမှာ ဒီလိုပညာတတ်တွေ တစ်ယောက်ပြီး တစ်ယောက်ပါကောလား….။
ဆရာနေတစ်ယောက် ကောင်းရာသုဂတိလားပါစေ။
အစ်ကိုရေ စာလေး ကောင်းလိုက်တာ.. စာဖတ်ရတဲ့ချိန် ခံစားရတဲ့ အကြည်ဓာတ်လေး ပြန်ရလိုက်သလိုပါပဲ.. ကျတော်လည်း စာတွေ မဖတ်ဖြစ်တာ မရေးဖြစ်တာ ကြာပါပြီ။ ချင်းမိုင်မှာလိုလည်း ရသစာပေတွေ မရေနိုင်တော့ဘူး.. ဖွံ့ဖြိုးရေးသမားတွေ စာဖတ်နည်းတယ်ဆိုတာ မှန်မယ်ထင်တယ်.. စာဖတ်ဖို့ကို အချိန်ကို မရှိတော့တာ..ဆရာနေ၀င်းမောင် စွန့်ခွာသွားခြင်းကို နှမြောစိတ်နဲ့ ကြီးစွာဝမ်းနည်းမိပါတယ်.. အစ်ကို့ကိုလည်း မြန်မာပြည်ပြန်လာပြီး မြန်မာပြည်ထဲကနေ မြန်မာပြည်တွက် အလုပ်လုပ်စေချင်ပါသေးတယ်
ှဆရာနေ ဆုံးပြီဆိုတော့ ကျွန်တော်လဲ တကယ်မဟုတ်ပါစေနဲ့ ဆုတောင်းမိတယ်…
ဒါပေမဲ့ဗျာ တကယ်ကြီး…..
ကောင်းလိုက်တာ…ကိုသင်ကာ၊ ရင်ထဲကို နင့်နေတာပဲ။
ကျွန်မနဲ့ အမြင်ချင်းမတူခဲ့ပေမယ့် ဆရာ့ကို လူတော်တစ်ဦးလို့တော့ မြင်ပါတယ်။
ဖတ်ကြည့်ပြီးနှမျောမိ၊ စိတ်မကောင်းမိ၊ စာနာမိသွားတာတွေ အများကြီးပါပဲ။
လာဖတ်ပြီး ခံစားသွားပါတယ် ကိုသင်ကာ။
နေကောင်းပါစ အစ်ကိုတော်။
အကြည်ဓါတ်တွေ လျော့ပါးလို့ online မှာ ဘာမှမရေးဖြစ်ဘူး ….ဒီစာဖတ်ပြီး သူ့အပေါ် အမြင်မကြည်တာတွေလျော့ပါး သွားပါတယ်…
သူ့ပုံရိပ်တွေ မြင်ချင်ပါသေးတယ်ဗျာ … ထပ်ရေးရေးပါဦး …